ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံများတွင် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။ ပြည်သူလူထု၏ လူမှုစီးပွားဘဝများတွင် လျှပ်စစ်ဓာတ်အား ဖူလုံစွာရရှိနေသောကြောင့် လူနေမှုအဆင့်အတန်း မြင့်မားတိုးတက်ပြီး နိုင်ငံမှာလည်း စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လျက်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့် သဘာဝအရင်းအမြစ်များ ပေါများကြွယ်ဝသော်လည်း အခက်အခဲအမျိုးမျိုးတို့ကြောင့် လျှပ်စစ်ဓာတ်အားဖူလုံရေး၌ လိုအပ်ချက်များစွာရှိသေးသည်။
ထို့ကြောင့် လျှပ်စစ်ဓာတ်အားတိုးတက်ရရှိရေးကို နိုင်ငံတော်အစိုးရက နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဇွန်လ ၂၁ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်ရုံ၊ အလုပ်ရုံများ၌ ကုန်ထုတ်လုပ်မှုမြှင့်တင်ရေးဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးစဉ် “နေရောင် ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းများကို ငွေကြေးတတ်နိုင်သည့် လုပ်ငန်းရှင်များအနေဖြင့် ရင်းနှီးမြှုပ်နှံနိုင်ရေးအားပေးဆောင်ရွက်ရန်လိုကြောင်း၊ ၎င်းလုပ်ငန်းများဆောင်ရွက်သူများအတွက် Incentive များပေးသွားရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း Small Scale (အိမ်သုံး)မှ Large Scale (စက်ရုံသုံး)အထိ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း” ပြောကြားခဲ့သည်။
နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းသည် မြန်မာနိုင်ငံအတွက် များစွာအကျိုးရှိစေမည့်လုပ်ငန်းဖြစ်သည်။ မြန်မာနိုင်ငံသည် ရာသီဥတုသာယာကောင်းမွန်ပြီး နေသာသည့်ရက်များပြားသည့် နိုင်ငံဖြစ်သဖြင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းများကို အားပေးဆောင်ရွက်သွားကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ပျမ်းမျှအားဖြင့် ရက်ပေါင်း ၃၀၀ ကျော်ခန့် နေ့အလင်းရောင်နှင့် နေရောင်ခြည် အပြည့်အဝရရှိနိုင်သည်။ နေရောင်ခြည်သည် ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သောကြောင့် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်သည့် သဘာဝအရင်းအမြစ်ဖြစ်သည်။ ကနဦးကုန်ကျစရိတ်များပြားသော်လည်း ရေရှည်တွင် ကုန်ကျစရိတ်နည်းပါးပြီး အကျိုးရလဒ်များသောလုပ်ငန်းဖြစ်သည်။
နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများ တိုးတက်စေရေးအတွက် နိုင်ငံတော်အကြီးအကဲက ၂၀၂၂ ခုနှစ်တွင် စတင်လမ်းညွှန်ခဲ့သည်။ နိုင်ငံအတွက်လိုအပ်သည့် လျှပ်စစ်ဓာတ်အားများကို ပြည့်ဖြိုးမြဲစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းမှတစ်ဆင့် အမြန်ဆုံးရရှိနိုင်မည်ဖြစ်သည်။ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရာတွင် ဆိုလာပြား၊ ဘက်ထရီနှင့်လျှပ်စစ်ဓာတ်ကြိုးများ အဓိကလိုအပ်သည်။ အရင်းအနှီးပစ္စည်းများကို ပြည်ပမှတင်သွင်းရသော်လည်း လိုအပ်သည့်ပစ္စည်းများကို ပြည်တွင်းကုန်ကြမ်းများဖြင့် ထုတ်လုပ်နိုင်ရန် တီထွင်ကြံဆကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့တစ်ခု ဖြစ်ပေါ်လာမည်ဖြစ်သည်။
ဥပမာအားဖြင့် သတ္တု၊ သံ၊ ဆီလီကွန်နှင့် တွင်းထွက်ဓာတ်သတ္တုပစ္စည်းကဲ့သို့သော ကုန်ကြမ်းများလိုအပ်သဖြင့် ပြည်တွင်းကုန်ကြမ်းများဖြင့် ထုတ်လုပ်နိုင်ရေးကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်သည်။ ယခုအခါ ပြည်တွင်း၌ ဆိုလာ၊ ဘက်ထရီ၊ လျှပ်စစ်မီးကြိုးနှင့် ထရန်စဖော်မာများ ထုတ်လုပ်နိုင်နေပြီဖြစ်၍ အရည်အသွေးပြည့်မီပြီး အဆင့်အတန်းမြင့်မားသော အီလက်ထရွန်နစ်နှင့် လျှပ်စစ်ပစ္စည်းများ တီထွင်ကြံဆထုတ်လုပ်ခြင်းဖြင့် ပြည်တွင်းလျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။
ပြည့်ဖြိုးမြဲစွမ်းအင်သုံးဖြစ်သည့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းသည် တည်ဆောက်ချိန် တိုတောင်းပြီး တစ်ပိုင်တစ်နိုင်သုံးစွဲနိုင်သည့် အိမ်သုံးနှင့် လုပ်ငန်းငယ်များမှသည် စက်ရုံ၊ အလုပ်ရုံများလည်ပတ်နိုင်သည့် အကြီးစားလုပ်ငန်းများအထိ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ဆိုလာလျှပ်စစ်ဓာတ်အားဖြင့် ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်မည်ဆိုပါက ကုန်ထုတ်လုပ်မှုစရိတ်ကို များစွာလျှော့ချနိုင်သောကြောင့် အကျိုးအမြတ်များ ပိုမိုရရှိမည်ဖြစ်သည်။ ဆိုလာပြားထုတ်လုပ်မှုတိုးတက်ရေးအတွက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သွားကြရန် နိုင်ငံတော်အကြီးအကဲက မှာကြားထားသည်။ မြို့ရွာများ၌ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်သူများ၏ လူမှုအဆင့်အတန်းမြင့်မားလာမည်ဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အားလုံလောက်မှုရှိလျှင် နိုင်ငံတော်နှင့် ပြည်သူများ လူမှုစီးပွားဘဝမြင့်မားတိုးတက်လာမည်ဖြစ်၍ ရှိရင်းစွဲပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်များကို တိုးချဲ့ထုတ်လုပ်ကာ ပြည့်ဖြိုးမြဲစွမ်းအင် နေရောင်ခြည်သုံးလျှပ်စစ်ဓာတ်အားပေးလုပ်ငန်းများ နိုင်ငံတစ်ဝန်းကျယ်ပြန့်စွာ ဖြန့်ဝေပေးနိုင်ရေးအတွက် ဆိုလာလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းများ အောင်မြင်တိုးတက်ဖြစ်ထွန်းအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်နိုင်စေရန် တိုက်တွန်းအပ်ပါကြောင်း။ ။