နေပြည်တော် ဇွန် ၂၁
၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းဖွင့်ရာသီတွင် ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် စာသင်ကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများနှင့် ပညာရေးဒီဂရီကောလိပ်များတွင် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) အောင်ပန်းမြို့နယ်နှင့် ဗထူးတပ်မြို့တို့၌လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်အပါအဝင် မြို့နယ် ၂၂ မြို့နယ်တို့၌လည်းကောင်း သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များက အခြေခံပညာကျောင်းများ အတွင်း / အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေးရေနုတ်မြောင်းများ တူးဖော်ပေးခြင်း၊ ရေကန်များတွင် အဘိတ်ဆေးများ ခတ်ပေးခြင်း၊ ခြင်ခိုအောင်းနိုင်သည့် နေရာများအား ခြင်ဆေးဖျန်းခြင်းနှင့် ကျန်းမာရေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများကို စုပေါင်းဆောင်ရွက်ပေးကြသည်။
ထို့ပြင် ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့ရှိ မောမြေဦးပန်းခြံ၊ ခိုလမ်မြို့ရှိ နောင်ဟေးငင်းရေကန်သာ၊ ကွန်ဟိန်းမြို့နယ်ရှိ သိန်းပျံဘုန်းတော်ကြီးကျောင်းနှင့် လဲချားမြို့နယ်နောင်ပန်ကျေးရွာရှိ ဟိုလွယ်ဘုန်းတော်ကြီးကျောင်းတို့၌လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အမှတ် (၂၆) ရပ်ကွက် ပြည်သူ့ဆေးရုံ၊ မြောက်ဥက္ကလာပမြို့နယ် (ဆ) ရပ်ကွက်ရှိ ဆေးတက္ကသိုလ် (၂) နှင့် ဆိပ်ကြီးခနောင်တိုမြို့နယ် ခနောင်တိုအရှေ့ရပ်ကွက်ရှိ ပြည်သူ့ဆေးရုံတို့၌လည်းကောင်း နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများက ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် အမှိုက်များ ရှင်းလင်းခြင်းများ စုပေါင်းဆောင်ရွက်ပေးကြသည်။
ယင်းသို့ ဆောင်ရွက်နေမှုများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်