နေပြည်တော် ဇွန် ၁၈
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် Basha တည်ဆောက်ပြီးစီးမှုနှင့် Prefabricated Offices တွင် ဝန်ထမ်းများ ရုံးလုပ်ငန်းဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဆွေးနွေးမှာကြား
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) မိန်းဂိတ်ဝ ဘယ်၊ ညာရှိနှစ်ခန်းတွဲလေးခန်းပါ Basha တည်ဆောက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး လိမ္မော်ရောင်အဆင့်နှင့် အနီရောင်အဆင့် သတ်မှတ်ထားသည့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းအိမ်ရာများမှ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များ မိုးလုံလေလုံနေထိုင်နိုင်စေရန်၊ ချက်ပြုတ်မည့်နေရာများ၊ ရေ၊ မီး၊ မိလ္လာသုံးစွဲမှုများ အဆင်ပြေစေရန်နှင့် အမြန်ဆုံးပြောင်းရွှေ့နေထိုင်နိုင်စေရေး စီစဉ်ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားသည်။
ထို့နောက် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ Prefabricated Offices များ၌ အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားကွင်း၊ အားကစားရုံဌာနခွဲမှဝန်ထမ်းများ၏ ရုံးလုပ်ငန်းဆောင်ရွက်နေမှု၊ သက်ဆိုင်ရာကဏ္ဍများအလိုက် လုပ်ငန်းတာဝန်ထမ်းဆောင်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကိုမှာကြားကာ ဝန်ထမ်းများ၏ လိုအပ်ချက်နှင့် တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
သတင်းစဉ်