Skip to main content

မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်ရေးသားခြင်းနှင့်ပတ်သက်၍ ပျူခေတ်ဆိုင်ရာ အထောက်အထား အချက်အလက်ဆွေးနွေးပွဲကျင်းပ

ရန်ကုန် ဇွန် ၁၈

တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်ရေးသားပြုစုရေးအတွက် ပျူခေတ်ဆိုင်ရာအထောက်အထား အချက်အလက်များဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့အမျိုးသားပြတိုက် ဘက်စုံခန်းမ၌ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါ်နုမြဇံ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာသမိုင်းအဖွဲ့ပညာရှင်ကြီးများ၊ အကြံပေးပညာရှင်များ၊ တက္ကသိုလ်များမှ ပါမောက္ခများ၊ ပျူခေတ်သုတေသန တူးဖော်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သူများနှင့် လေ့လာသူပြင်ပပညာရှင်များ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက မြန်မာ့သမိုင်းစဉ်တွင် ခိုင်ခိုင်မာမာ ကိုးကားစရာအဖြစ် လွန်ခဲ့သော နှစ် (၅၀) ကျော်က ရေးသားထားသည့် “အခြေပြ မြန်မာ့နိုင်ငံရေးသမိုင်း” သာရှိခဲ့ရာမှ နောက်ပိုင်းတွင် ပြည်တွင်း၊ ပြည်ပပညာရှင်များ၏ ဘာသာရပ်အလိုက် ကွင်းဆင်းလေ့လာ သုတေသနပြုအသစ်တွေ့ရှိချက်များ၊ ပြည်ပဓာတ်ခွဲခန်းများမှ သိပ္ပံနည်းကျ သက်တမ်းတွက်ချက်မှုများကြောင့် ပျူခေတ်ကာလ သမိုင်းစဉ်သည်လည်းပိုမို၍ ရုပ်လုံးပေါ် ပြည့်စုံလာပြီဟုယူဆရပြီး တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်အား ပြန်လည်ဖြည့်စွက် ပြင်ဆင်ရေးသားနိုင်မည့်ရလဒ်ကို မျှော်မှန်းနိုင်ပြီဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပျူအက္ခရာ၊ ပျူစာပေ၊ ပျူအသံထွက်၊ ပျူအနုပညာ၊ ပျူဂီတ၊ ပျူအကနှင့် ဝတ်စားဆင်ယင်မှု အထောက်အထားများနှင့်ပတ်သက်၍ ပညာရှင်များ ပါဝင်ဆွေးနွေးရန် ဖိတ်ခေါ်သည်။

ထို့နောက် တက်ရောက်လာသူများက သရေခေတ္တရာမြို့ဟောင်းမှ တူးဖော်တွေ့ရှိသည့် ဟိန္ဒူဘာသာ အထောက်အထားများ၊ ပျူဂီတ၊ ပျူသီချင်း၊ အကဝိသေသလက္ခဏာများ၊ အနုသုခုမဆိုင်ရာ သုတေသနတွေ့ရှိချက်များနှင့် ပျူခေတ်ဂီတအနုပညာဆိုင်ရာ အထောက်အထားများ၊ ပျူခေတ်ဝတ်စားဆင်ယင်ထုံးဖွဲ့မှု သုတေသနပြုတွေ့ရှိချက်များ၊ ပျူအက္ခရာ၊ ပျူအသံထွက်၊ ပျူစာပေဆိုင်ရာ သုတေသနပြုတွေ့ရှိချက်များ၊ ပျူခေတ်ရေအသုံးချမှု၊ ရေစီမံခန့်ခွဲမှု၊ မြို့ရိုးမြို့တာ ကာကွယ်ရေးစနစ်များ သုတေသနပြုတွေ့ရှိချက်များ၊ သံခေတ်နှင့်ပျူခေတ် DNA သုတေသနဆောင်ရွက်နေမှုနှင့် ကာဗွန်သက်တမ်းသုတေသနဆောင်ရွက်မှုများကို ရှင်းလင်းဆွေးနွေးကြပြီး ဒုတိယဝန်ကြီးက ဆွေးနွေးချက်များအပေါ် သုံးသပ်ဆွေးနွေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ ကြောင်းသတင်းရရှိသည်။

သတင်းစဉ်