နေပြည်တော် ဇွန် ၁၇
မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်ကလှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီးနှင့် ပြည်နယ်ခြောက်ခုတို့တွင် ယနေ့အထိ သေဆုံးသူ ၃၇၅၅ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၄ ဦးနှင့် ပျောက်ဆုံးသူ ၅၁ ဦး ရှိသည်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ပြည်တွင်းပြည်ပမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များသည် လိုအပ်သည့်ဒေသများသို့ အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး အဆောက်အအုံများအတွင်း ပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်ခဲ့ရာ ယနေ့အထိ အသက်ရှင်သူ ၆၅၃ ဦးအား ရှာဖွေကယ်ဆယ်ပေးနိုင်ခဲ့ပြီး သေဆုံးသူ ၈၃၃ ဦးအား ရှာဖွေပေးနိုင်ခဲ့သည်။
ဘေးသင့်ပြည်သူများသို့ ပြည်တွင်းစေတနာရှင်အလှူရှင်များက ငွေနှင့်အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းလျက်ရှိသကဲ့သို့ ပြည်ပနိုင်ငံများ၊ အဖွဲ့အစည်းများ၊ စေတနာရှင်အလှူရှင်များက ငွေနှင့် အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းပေးလျက်ရှိရာ မေ ၁၆ ရက်ညနေ ၅ နာရီမှ ယနေ့ညနေ ၅ နာရီအတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ တရုတ်နိုင်ငံသား အလှူရှင်များနှင့် တရုတ်နိုင်ငံရောက် မြန်မာများကလှူဒါန်းသည့် ရေသန့်၊ ဖျာနှင့် Stock Pot များ (အလေးချိန် ၀ ဒသမ ၈၀၁ တန်) ရောက်ရှိခဲ့သည်။
အဆိုပါ ထောက်ပံ့ရေးပစ္စည်းများကို ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် အမြန်ဆုံး ခွဲဝေထောက်ပံ့လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်