Skip to main content

လူငယ်လူရွယ်များအနာဂတ်အတွက် မလျှော့သောဇွဲ၊ လုံ့လဖြင့် ကြိုးပမ်းဆောင်ရွက်

ကလေးသူငယ် လူငယ်လူရွယ်များအတွက် အနာဂတ်မျှော်လင့်ချက်သည် အတန်းပညာ တစ်နှစ်တစ်တန်းအောင်မြင်ပြီး ပညာတတ်လူသားအရင်းအမြစ်များ ဖြစ်လာစေရေးဖြစ်သည်။ ကလေးသူငယ်ဘဝမှ လူလားမြောက်သည့်အရွယ်အထိ တစ်နှစ်တစ်တန်းအောင်မြင်စေရန်အတွက် တစ်နှစ်တာပတ်လုံး ကြိုးပမ်းအားထုတ်ကြရသည်။ ကျောင်းသား ကျောင်းသူများအနေဖြင့် မည်သို့သော အခက်အခဲများရှိသည်ဖြစ်စေ မလျှော့သောဇွဲ၊ လုံ့လတို့ဖြင့် ကြိုးပမ်းအားထုတ်ကြသည်မှာ အားတက်စရာဖြစ်သည်။

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့က မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် စာမေးပွဲအဖြေလွှာများ ပျက်စီးသွားသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ကျောင်းသား ကျောင်းသူများအနေဖြင့် တရားမျှတမှုနှင့် ဂုဏ်သိက္ခာရှိရေးအတွက် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဇွန်လ ၁၆ ရက်နေ့တွင် ဒုတိယအကြိမ် ပြန်လည်ဖြေဆိုနေကြပြီဖြစ်သည်။ ပြန်လည်စစ်ဆေးကျင်းပလျက်ရှိသည့် တက္ကသိုလ်ဝင်စာမေးပွဲကို သက်ဆိုင်ရာနယ်မြေဒေသစာစစ်ဌာနများအလိုက် ပြန်လည်ဖြေဆိုနေကြပြီဖြစ်ရာ တက္ကသိုလ်ဝင်တန်းကျောင်းသား ကျောင်းသူလေးများအတွက် ဒုတိယအခွင့်အရေးအဖြစ် ကံကောင်းခြင်းအောင်မြင်မှုဆုကို ရရှိတော့မည်ဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် ငလျင်ဒဏ်ခံခဲ့ကြရသည့် နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်တို့မှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာ စာမေးပွဲဖြေဆိုနိုင်ရန်အတွက် ဧပြီလ ၂၈ ရက်နေ့မှစတင်၍ သတ်မှတ်ထားသည့် မြို့နယ်များအလိုက် အခြေခံပညာအထက်တန်းကျောင်းများတွင် လေ့ကျင့်သင်ကြားရေးစခန်း (Camp) များဖွင့်လှစ်၍ လေ့ကျင့်သင်ကြားပေးခဲ့ပြီး သတ်မှတ်ထားသော ဇွန်လ ၁၆ ရက်နေ့မှ ၂၁ ရက်နေ့အထိ တက္ကသိုလ်ဝင်စာမေးပွဲကို အေးချမ်းစွာဖြေဆိုလျက်ရှိသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယအကြိမ် ပြန်လည်ဖြေဆိုမှုအတွက် သတ်မှတ်ထားသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်စာစစ်ဌာန ၁၉၅ ခုတွင် လာရောက်ဖြေဆိုသူ ကျောင်းသား ကျောင်းသူ ၆၂၈၂၄ ဦးရှိသဖြင့် ဖြေဆိုမှုရာခိုင်နှုန်း ၉၈ ဒသမ ၆၇ ရာခိုင်နှုန်းရှိသည်။ ယခုကဲ့သို့ တက္ကသိုလ်ဝင် ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုနေစဉ်ကာလအတွင်း စိတ်ချမ်းမြေ့စွာဖြင့် အေးချမ်းစွာဖြေဆိုနိုင်စေရေးအတွက် မြို့နယ်အလိုက် တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များနှင့် အစစအရာရာလုံခြုံစိတ်ချ စနစ်တကျရှိစေရေးအတွက် ဆောင်ရွက်ပေးထားသည်ကို တွေ့ရသည်။

ပွဲမဝင်ခင်က ပြင်ဆင်သည့်အနေဖြင့် သတ်မှတ်ထားသောကျောင်းများ၌ လေ့ကျင့်သင်ကြားရေးစခန်းများ ဖွင့်လှစ်ပေးခဲ့ရာတွင် တက္ကသိုလ်များမှ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ ကထိကများနှင့် နည်းပြ ဆရာ ဆရာမများက ဘာသာရပ်များအလိုက် စနစ်တကျ ပြန်လည်သင်ကြားပေးခဲ့သည်။ ထို့ပြင် အကြောင်းအမျိုးမျိုးကြောင့် လေ့ကျင့်သင်ကြားရေးစခန်းများသို့ လာရောက်မသင်ကြားနိုင်သည့် ကျောင်းသား ကျောင်းသူများအတွက်လည်း အွန်လိုင်းမှသော်လည်းကောင်း၊ ပညာရေးရုပ်သံလွှင့်ချန်နယ်များနှင့် ပုဂ္ဂလိကကျောင်းများ၏ တယ်လီဂရမ်၊ ယူကျုများတွင် ဖြန့်ဝေထားသည့် ပညာဒါနသင်တန်းများတွင်လည်းကောင်း လေ့လာသင်ကြားနိုင်အောင် ဆောင်ရွက်ပေးခဲ့သည်။

စာစစ်ဌာနအသီးသီး၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြသည့် ကျောင်းသား ကျောင်းသူများအနေဖြင့် ဒုတိယအကြိမ် ဝင်ရောက်ဖြေဆိုကြရသော်လည်း ဇွဲ၊ လုံ့လမလျှော့ဘဲ အကောင်းဆုံးဖြေဆိုနိုင်အောင် ကြိုးစားအားထုတ်လျက်ရှိသည်။ ပထမအကြိမ် အားမရခဲ့သော၊ အားနည်းခဲ့သော ဘာသာရပ်များကို ပိုမိုကြိုးစားအားထုတ်ပြီး ဂုဏ်ထူးများရရှိနိုင်သည်အထိ ကြိုးစားလျက်ရှိသည်။ ကျောင်းသား ကျောင်းသူများ၏ မိဘအုပ်ထိန်းသူများကလည်း လိုအပ်သည်များကို ဝိုင်းဝန်းဖြည့်ဆည်းပေးပြီး အားပေးစောင့်ရှောက်ပေးလျက်ရှိသည်။ တက္ကသိုလ်ဝင်စာမေးပွဲသမိုင်းတွင် ယခုအကြိမ်သည် ငလျင်လှုပ်ခတ်မှုကြောင့် ထူးခြားသောအရွေ့တစ်ခုဖြစ်ခဲ့ပြီး နိုင်ငံတော်၏ စေတနာထားဆောင်ရွက်ပေးမှုကြောင့် အစစအရာရာ ပြည့်စုံစွာ ဖြေဆိုလျက်ရှိသည်။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ၏အနာဂတ်အတွက် ပညာရေးကို အားပေးမြှင့်တင် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသလို မျိုးဆက်သစ်ကျောင်းသား ကျောင်းသူများကလည်း အားကြိုးမာန်တက် သင်ယူကြရာ ဝမ်းမြောက်စရာဖြစ်သည်။ စာမေးပွဲကို ဒုတိယအကြိမ် ပြန်လည်ဖြေဆိုရခြင်းသည် ကျောင်းသား ကျောင်းသူများအတွက် ထူးခြားသည့် အခွင့်အရေးတစ်ရပ်ဖြစ်သည်။ စိန်ခေါ်မှုကို အခွင့်အလမ်းတစ်ခုအဖြစ် အမိအရဆုပ်ကိုင်ပြီး ယခင်ဖြေဆိုခဲ့စဉ်က အားနည်းချက်များကို ပြန်လည်ပြင်ဆင် ကြိုးပမ်းအားထုတ်ခွင့်ရသဖြင့် ဇွဲ၊ လုံ့လကို နှစ်ဆတိုးပြီး မိမိတို့အနာဂတ်ကို ပိုမိုတောက်ပြောင်အောင် ကြိုးပမ်းဖြေဆိုနိုင်ကြမည်ဟု ယုံကြည်ပါကြောင်း။ ။