မန့်ဟီးရိုး အောက်တိုဘာ ၁၈
ရှမ်းပြည်နယ်မြောက်ပိုင်း မန့်ဟီးရိုးမြို့ နောင်ဟင် ကျေးရွာ ရွှေလီမြစ်ဆိပ် စက်လှေဆိပ်တွင် ယနေ့ နံနက် ၉ နာရီက စုစုပေါင်းလူခုနစ်ဦး လိုက်ပါ လာသော ဆွစ်ယာဉ်ငယ်တစ်စီးသည် ကမ်းစပ်မှ အရှိန်လွန်ကာ ရွှေလီမြစ်အတွင်း ထိုးကျသွား ကြောင်း သိရသည်။
အဆိုပါ မော်တော်ယာဉ်ပေါ် လိုက်ပါလာသူ ခုနစ်ဦးအနက်မှ ယာဉ်မောင်းနှင့် အမျိုးသမီး နှစ်ဦး အပါအဝင် သုံးဦးမှာ ရေကူးလွတ်မြောက်လာခဲ့၍ ကရုဏာနာရေးလူမှုကူညီရေးအသင်း (မူဆယ်) ယာဉ်ဖြင့် မူဆယ်မြို့ ပြည်သူ့ဆေးရုံ ကြီးသို့ ပို့ဆောင်ပြီး ဆေးကုသမှုခံယူလျက်ရှိစဉ် အမျိုးသမီး တစ်ဦးမှာ သေဆုံး သွားသည်။
ဆက်လက်၍ ယာဉ်အတွင်း ပိတ်မိနေသည့် အမျိုးသမီး သုံးဦးနှင့် ကလေးငယ် တစ်ဦးတို့ကို မန့်ဟီးရိုးမြို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မူဆယ် မြို့မှ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကရုဏာနာရေးလူမှု ကူညီရေးအသင်းနှင့် ဒေသခံပြည်သူများက ရွှေလီ မြစ်အတွင်း လှည့်လည်ရှာဖွေမှုများ ဆောင်ရွက် လျက်ရှိရာ အမျိုးသမီး သုံးဦး (သေဆုံး) နှင့် မော်တော် ယာဉ်တို့ကို မွန်းလွဲ ၁ နာရီခွဲခန့်က ပြန်လည် ဆယ်ယူနိုင်ခဲ့ပြီး ကလေးငယ်တစ်ဦးကို ဆက်လက် ရှာဖွေလျက်ရှိကြောင်း သိရသည်။
သန့်ဇင် (မူဆယ်)