Skip to main content

တောင်သူများပူးပေါင်းပါဝင်သော သီးနှံဗီဇအရင်းအမြစ်များ စုဆောင်းခြင်း၊ ထိန်းသိမ်းခြင်းနှင့် အသုံးချခြင်း လက်တွေ့ဆောင်ရွက်

နေပြည်တော် ဇွန် ၁၄

ခေတ်မီစိုက်ပျိုးရေးနည်းပညာများကို ကျယ်ပြန့်ထိရောက်စွာ အသုံးချနိုင်စေရန်နှင့် သုတေသီများ၊ ပညာရှင်များနှင့် တောင်သူများ အနီးကပ်ထိတွေ့၍ ဆွေးနွေးဖလှယ်ခြင်းများ ဆောင်ရွက်နိုင်ကြစေရန် စနေနေ့တိုင်းကျင်းပလျက်ရှိသည့် တောင်သူနည်းပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဇေယျာသီရိမြို့နယ် ရေဆင်းရှိ AERDTC ခန်းမ၌ (၇၁) ကြိမ်မြောက် ကျင်းပသည်။

ဦးစွာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က တောင်သူ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ စားရေရိက္ခာဖူလုံရေးနှင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေးအတွက် တောင်သူများပူးပေါင်းပါဝင်သော သီးနှံဗီဇအရင်းအမြစ်များ စုဆောင်းခြင်းနှင့် ထိန်းသိမ်းခြင်းခေါင်းစဉ်ဖြင့် ဆွေးနွေးပို့ချရာ တောင်သူများ ဝင်ငွေအကျိုးစီးပွားဖြစ်ထွန်းစေရေးအတွက် အသက်သွေးကြောဖြစ်သော သီးနှံမျိုးစေ့ကဏ္ဍ၏အရေးပါမှု၊ ဗီဇအရင်းအမြစ်များ ဆုံးရှုံးမှုများကြုံတွေ့နေရမှုနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်သော ထိန်းသိမ်းမှုနည်းလမ်း၏အရေးပါမှု၊ ဒေသမျိုးစေ့များ မပျောက်ကွယ်ရေး ထိန်းသိမ်းရန်နှင့် တောင်သူများ၏ဗဟုသုတနှင့် စွမ်းရည်မြှင့်တင်ရန်၊ ရာသီဥတုဒဏ်ခံနိုင်သော သီးနှံများဖွံ့ဖြိုးလာစေပြီး အစားအစာဖူလုံရေးနှင့် စိုက်ပျိုးသူများဝင်ငွေတိုးမြှင့်ရန် ဝန်ကြီးဌာန၏ ရည်ရွယ်ဆောင်ရွက်နေမှုများ၊ အပင်၏ မျိုးဗီဇအရင်းအမြစ်နှင့် ထိန်းသိမ်းရန်အရေးကြီးပုံတို့ကိုလည်းကောင်း။

မိမိတို့နိုင်ငံ၏ မျိုးစေ့ကဏ္ဍတွင် ကြုံတွေ့နေရ သောစိန်ခေါ်မှုများ၊ မျိုးစေ့များ ရွေးချယ်၊ သိုလှောင်၊ ဖလှယ်ခြင်းလုပ်ငန်းများ၌ တောင်သူများကိုယ်တိုင် ဆောင်ရွက်ခြင်းအပြင် ကျေးရွာအခြေပြု မျိုးစေ့ဘဏ်များဖွဲ့စည်းခြင်း၊ သုတေသနဌာနများ၊ NGO များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့တွင်လည်း တောင်သူများ ပူးပေါင်းပါဝင်‌ဆောင်ရွက်သော ထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်ချက်များနှင့် တောင်သူများ၏အခန်းကဏ္ဍ၊ ပြည်တွင်း၌အောင်မြင်လျက်ရှိသည့် ကျေးရွာမျိုးစေ့ဘဏ်များ၊ လိုအပ်သောမူဝါဒပံ့ပိုးမှုများ၊ မျိုးစေ့ထိန်းသိမ်းခြင်းသည် ကျေးလက်ဖွံ့ဖြိုးရေး၏ အဓိကသော့ချက်ဖြစ်မှုတို့ကို ရှင်းလင်းပို့ချသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် တက်ရောက်လာကြသည့် တောင်သူကြီးများနှင့်အတူ စီးပွားဖြစ်စိုက်ပျိုးမှုမရှိသေးသည့် ကျေးလက်နှင့် မြို့နေလူထုစားသုံးလျက်ရှိသော သီးနှံမျိုးများကို စာရင်းပြုစုခြင်းနှင့် ဟင်းသီးဟင်းရွက်တောင်သူများပါဝင်ပြီး မျိုး၊ ဗီဇသတင်းအချက်အလက်စုဆောင်းခြင်းကို လက်တွေ့ဆောင်ရွက်ခဲ့ရာ စီးပွားဖြစ်စိုက်ပျိုး ထုတ်လုပ်မှုမရှိသေးသော်လည်း လက်ရှိအချိန်ထိ နေပြည်တော်ကောင်စီနယ်မြေတွင် စားသုံးနေသည့် ဟင်းသီးဟင်းရွက်အမျိုးအမည်ပေါင်း ၁၂၁ မျိုးကို စာရင်းပြုစုရရှိခဲ့သည်။

ယနေ့ကျင်းပသည့် (၇၁) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲသို့ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ စိုက်ပျိုးရေးတက္ကသိုလ်ပါမောက္ခချုပ်နှင့် ဌာနတာဝန်ရှိသူများ၊ သုတေသီနှင့်ပညာရှင်များ၊ နေပြည်တော် ရှစ်မြို့နယ်မှ တောင်သူ ၄၅ ဦး တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်များမှ ပညာရှင်နှင့် တောင်သူ ၁၂၀ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်