နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇွန်လ ၁၁ ရက်နေ့က ပြင်ဦးလွင်မြို့ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိစဉ် ဆရာ ဆရာမများအား “မိမိတို့နိုင်ငံတွင် ဖြစ်ပွားလျက်ရှိသည့် မတည်ငြိမ်မှုများနှင့် အကြမ်းဖက်ဖြစ်စဉ်များကို ကြည့်မည်ဆိုပါက ပညာရေးအားနည်းသည့်ဒေသများ၌ ပိုမိုဖြစ်ပွားသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ အတန်းပညာတတ်မြောက်မှုအားနည်းခြင်း၊ သိမြင်တွေးခေါ်နိုင်မှုအားနည်းခြင်းတို့ကြောင့် အကြမ်းဖက်မှုလုပ်ရပ်များကို လုပ်ဆောင်လာကြခြင်းဖြစ်ပြီး ဒေသနှင့်ဒေသခံများ၏ လူမှုစီးပွားဘဝများကိုပါ ထိခိုက်လာစေကြောင်း”ပြောကြားခဲ့သည်။
မျက်မှောက်ကာလတွင် နိုင်ငံအတွင်းရှိ အချို့ဒေသများ၌ အကြမ်းဖက်အဖျက်လုပ်ရပ်များ ဖြစ်ပေါ်နေသည်ကို တွေ့ရမည်ဖြစ်သည်။ အကြမ်းဖက်သမားများ ပေါ်ထွက်လာရာဒေသများသည် များသောအားဖြင့် ပညာတတ်များပေါများသည့် မြို့ပြဒေသများထက် ပညာတတ်နည်းပါးသည့် ကျေးလက်ဒေသများမှဖြစ်သည်ကို အကြမ်းဖျင်းတွေ့ရသည်။ ကောက်ယူထားသည့် ကိန်းဂဏန်းအချက်အလက်များအရ မြန်မာနိုင်ငံအနေဖြင့် ပညာရေးအားပေးမြှင့်တင်ရန် လိုအပ်ချက်များစွာ ရှိနေဆဲဖြစ်ပြီး နိုင်ငံလူဦးရေ၏ ၅၀ ရာခိုင်နှုန်းခန့်မှာ ပညာရေးတွင် အားနည်းလျက်ရှိနေသည်။ အထူးသဖြင့် ကျေးလက်ဒေသများနှင့် ဝေးလံသည့်ဒေသများ၌ ပညာရေးတွင် အားနည်းမှုများစွာရှိနေသည်ကို တွေ့ရသည်။
ပညာဟူသည်ကို စာသင်ကျောင်းများမှ အစပြုသည်ဟုဆိုသော်လည်း စာသင်ကျောင်းများသည် စာချည်းသက်သက်သင်ကြားကာ စာမေးပွဲရမှတ်ပြိုင်သည့်နေရာမဟုတ်ပေ။ ကျောင်းစာကိုအခြေပြု၍ ပတ်ဝန်းကျင်တွင် ဖြစ်ပျက်ခဲ့၊ ဖြစ်ပျက်ဆဲနှင့် ဖြစ်ပျက်နိုင်မည့်အရာများကို ကျောင်းနှင့်စာသင်ခန်းများကိုကျော်၍ မြော်တွေးကြည့်တတ်အောင် ဆရာ ဆရာမများက “ဉာဏ်မျက်စိဖွင့်”ပေးသည့်နေရာဖြစ်သည်။ ထို့ပြင် “အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက” ဆိုသည့်အတိုင်း ကျောင်းသား ကျောင်းသူများ အတန်းပညာတတ်မြောက်ရေးအပြင် စိတ်ဓာတ်၊ စည်းကမ်း ကောင်းမွန်ရေးအတွက် သင်ကြားလမ်းပြပေးရမည့်တာဝန်ကို ဆရာ ဆရာမများက ထမ်းဆောင်ကြရမည်ဖြစ်သည်။
ကလေးငယ်များအား မိဘအုပ်ထိန်းသူများက သွန်သင်ဆုံးမပေးလျက်ရှိသကဲ့သို့ ဆရာ ဆရာမများကလည်း သွန်သင်ဆုံးမပေးလျက်ရှိသည်။ ငယ်စဉ်ကာလမှ လူလားမြောက်သည့်အရွယ်အထိ နေအိမ်တွင်နေရသည့်အချိန်ထက် ကျောင်းတွင်နေရသည့်အချိန်မှာ ပိုများသဖြင့် ဆရာ ဆရာမများ၏ သွန်သင်ဆုံးမမှုမှာ ပိုများသည်ကို တွေ့ရမည်ဖြစ်သည်။ ကျောင်းမနေဖူးသူများအနေဖြင့် သွန်သင်ဆုံးမမှုများကို ရရှိနိုင်မည်မဟုတ်ပေ။ ဆရာ ဆရာမများအနေဖြင့် အတန်းပညာကို သင်ကြားပေးရမည်ဖြစ်သလို စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ရေး၊ တိုင်းချစ်ပြည်ချစ်စိတ်နှင့် မျိုးချစ်စိတ်ဓာတ်မြင့်မားရေးအတွက်လည်း စနစ်တကျသင်ကြားပြသပေးရန် လိုအပ်မည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ပညာရေးကဏ္ဍ၌ ခေတ်အဆက်ဆက်အားနည်းလာမှုများကြောင့်၊ အထူးသဖြင့် စဉ်းစားတွေးခေါ်ဆင်ခြင်မှုဉာဏ်ပညာကို ဖြည့်ဆည်းပေးနိုင်ခြင်းမရှိသောကြောင့် နိုင်ငံတော်၌ အရေးကိစ္စပေါ်ပေါက်လာချိန်တွင် လမ်းမှားပေါ်သို့ ရောက်ရှိသွားသူ အများအပြားရှိလာသည်ကို တွေ့ရမည်ဖြစ်သည်။ မကောင်းမှုဒုစရိုက်များနှင့် အကြမ်းဖက်မှုများကြီးထွားလာသည်ကို တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် မျက်မှောက်ကာလတွင် ဆရာ ဆရာမများအနေဖြင့် မိမိတို့သင်ကြားပေးလျက်ရှိသည့် ကလေးငယ်များအား အတန်းပညာသင်ကြားပေးခြင်းအပြင် အကောင်းအဆိုး၊ အကြောင်းအကျိုး ခွဲခြားသိမြင်နိုင်စွမ်းရှိစေမည့် အသိပညာနှင့် အတွေးအမြင်များကို သင်ကြားပေးကြရမည်ဖြစ်သည်။ ငယ်စဉ်ကာလ ကလေးဘဝကတည်းက စနစ်တကျ နေထိုင်သွားလာတတ်စေရေး၊ လိမ္မာယဉ်ကျေးမှုရှိစေရေးတို့ကို သင်ကြားလေ့ကျင့်ပေးမှသာလျှင် အနာဂတ်၌ သာယာကောင်းမွန်သည့် လူမှုဘဝကိုရရှိစေမည်ဖြစ်သည်။
အတန်းပညာကို သင်ကြားမှုမှရရှိသကဲ့သို့ အသိပညာကို စာအုပ်စာပေများ ဖတ်ရှုခြင်းမှလည်း ရရှိနိုင်သည်။ ကျောင်းစာကြည့်တိုက်များတွင် ကျောင်းသား ကျောင်းသူများ သုတ၊ ရသစာပေများကို ဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာ၊ အတတ်ပညာများ တိုးပွားရရှိလာမည်ဖြစ်သည်။ ဆရာ ဆရာမများသည် အသိပညာ၊ အတတ်ပညာများနှင့် အတွေးအမြင်များကို သင်ကြားပေးခြင်းအပြင် ဘဝအတွေ့အကြုံများ၊ စာပေဖတ်မှတ်ခြင်းမှ ရရှိခဲ့သည့်အသိအမြင်များကိုလည်း မျိုးဆက်သစ်များအား မျှဝေပေးနိုင်ရမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ပေးနိုင်မှသာလျှင် မြန်မာနိုင်ငံ၏အနာဂတ်ကိုဦးဆောင်မည့် မျိုးဆက်သစ်လူသားအရင်းအမြစ်ကောင်းများကို စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်မည်ဖြစ်သည်။
သို့ဖြစ်ရာ ဆရာ ဆရာမများအနေဖြင့် တစ်နှစ်တစ်တန်း အတန်းအောင်မြင်ရေးအတွက် ဘာသာရပ်ဆိုင်ရာများကို စနစ်တကျသင်ကြားပေးရမည့်အပြင် ပိုမိုကောင်းမွန်သော အနာဂတ်ကိုတည်ဆောက်နိုင်ရန်အတွက် အသိဉာဏ်ပညာ၊ အမှား အမှန်၊ အကောင်းအဆိုး ဆင်ခြင်တုံတရားများနှင့် စဉ်းစားတွေးခေါ်နိုင်သည့် အတွေးအမြင်များ ဖြစ်ထွန်းစေရန်အတွက်လည်း စဉ်ဆက်မပြတ် လမ်းမှန်ညွှန်ပြပေးဝေနေရမည်ဖြစ်ပါကြောင်း။ ။