နေပြည်တော် ဇွန် ၁၁
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
၁၄ - ၆ - ၂၀၂၅ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၄) တွင် အဘိုးအိုသည် သူ၏ ဖြတ်ထိုးဉာဏ်ဖြင့် သားသုံးယောက်ကို ပညာပေးဆုံးမထားသည်ကို သရုပ်ဖော်ထားသော “ဖန်ကွဲစသေတ္တာကြီး” မျက်နှာ ဖုံးကာတွန်း၊ ကမ္ဘာမြေကြီးအကြောင်း၊ ဗဟုသုတရဖွယ်ရေးသားထားသည့် “ကမ္ဘာမြေကြီး၏ အတွင်းပိုင်းတည်ဆောက်ပုံ” သုတဆောင်းပါးကဏ္ဍ၊ ရန်ပိုင်စိုးသိချင်သော “ကောင်းမှုတစ်ခု၊ နေ့စဉ်ပြု” ဆိုသည့် အကြောင်းကို ဦးအောမှ ရှင်းပြထားသည်ကို သရုပ်ဖော်ထားသည့် “ရန်ပိုင်စိုး” နှစ်မျက်နှာကာတွန်း၊ သူ့အမှားကို သိသွားသော သန်းထိုက်မှာ သူငယ်ချင်းခင်ဇော်အပေါ် တောင်းပန်ထားသည့် အကြောင်းကို ရေးသားထားသည့် “ဖန်ဂေါ်လီလေးတစ်လုံး” ဝတ္ထုကဏ္ဍ၊ ကျောင်းတက်ပျင်းသော ကျော်ကြီးမှာ အောင်ဘုကျောင်းမတက်ရသည့် အကြောင်းကို စဉ်းစားမိ၍ သူ့အမှားကို သိရှိကာ နောင်တရသွားသည့်အကြောင်း သရုပ်ဖော်ထားသည့် “ကျော်ကြီး” တစ်မျက်နှာကာတွန်း၊ မောင်ကျော်ဟိုး၏ ရိုးသားမှုကြောင့် အလုပ်ရှင် ဇနီးမောင်နှံက “အမွေစားအမွေခံသား” အဖြစ် မွေးစားလိုက်သည့်အကြောင်း ရေးသားထားသည့် “ရိုးသားခြင်းရဲ့ရလဒ်” ပုံပြင်ကဏ္ဍ၊ ယုန်ကလေး၏ ဉာဏ်ပညာထက်မြက်ရဲရင့်မှုကြောင့် ဆင်အန္တရာယ်မှ ကင်းဝေးသွားသည့် သတ္တဝါလေးများ အကြောင်းကို သရုပ်ဖော်ထားသည့် “ယုံအောင်ပြောတဲ့ယုန်ကလေး” နှစ်မျက်နှာကာတွန်း၊ မွှေးရနံ့တို့တွင် မေတ္တာမွှေးရနံ့သည်သာ အမွှေးဆုံးဖြစ်သည်ဆိုသော ပန်ပန်အကြောင်း သရုပ်ဖော်ထားသည့် “ပန်းခရေလိုမွှေးပါစေ”နှစ်မျက်နှာကာတွန်း၊ ကျေးလက်ဒေသတွင် ပန်းများ ဝေဝေဆာဆာပွင့်ပုံ၊ ငှက်ကလေး၏ အသံမှာ ချိုသာပုံနှင့်အရုဏ်ဦးမှာ ဆွမ်းလောင်းလှူပုံအကြောင်းတို့ကို ရေးဖွဲ့ထားသည့် “ကျေးလက်နံနက်” ကဗျာ ကဏ္ဍစုံလင်စွာဖြင့် ထွက်ရှိပြီဖြစ်ရာ တစ်စောင်လျှင် ငွေကျပ် ၄၀၀ ဖြင့် စာပေဗိမာန်စာအုပ်အရောင်းဆိုင်များတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။
သတင်းစဉ်