နေပြည်တော် ဇွန် ၁၁
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများသိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။
ထိုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ၂၀၂၅ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့တွင် အသိပေးထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့သည့် "Thet Zaw Oo" Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ကွမ်းဆိပ်ကျေးရွာနေ သက်ဇော်ဦးအား ညနေ ၅ နာရီခွဲတွင်လည်းကောင်း၊ ဇွန်လ ၁၀ ရက်နေ့တွင် “Ko Kyi Soe" Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ တက်သစ်ကျေးရွာနေ ကြည်စိုးလွင် (ခ) ကြည်စိုးအား နံနက် ၉ နာရီ ၄၅ မိနစ်တွင်လည်းကောင်း၊ “ဧရာဝတီဒေါင်းနီ” Tik Tok အကောင့်ပိုင်ရှင်ဖြစ်သူ ဘိုကလေးမြို့နယ်၊ ကဒုံကနိကျေးရွာနေ သက်နိုင်ထွန်း (ခ) ဗိုလ်ဒေါင်းနီအား နေ့လယ် ၁၂ နာရီခွဲတွင်လည်းကောင်း၊ သက်ဆိုင်ရာရဲစခန်းအသီးသီး၌ တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။