နေပြည်တော် ဇွန် ၉
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
ဇွန် ၇ ရက်တွင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် လွိုင်လင်-ဟိုပုံး-တောင်ကြီး ပြည်ထောင်စု ကားလမ်းမအနီးတစ်ဝိုက်၌ ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ နမ့်စန်မြို့မှ တောင်ကြီးမြို့သို့မောင်းနှင်လာသည့် ယာဉ်ကိုးစီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ၁၃မျိုး၊ လူသုံးကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၅၈၉၀၁၆၀၀) နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Nissan Diesel Truck တစ်စီး၊ Dong Feng Tractor Head ငါးစီး၊ Mitsubishi Fuso Tractor Head တစ်စီး၊ Genlvon Tractor Head တစ်စီး၊ Shacman Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်ရှစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၉၀၀၀၀၀၀၀) စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀၄၈၉၀၁၆၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် နေပြည်တော် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ လယ်ဝေးခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ် သုညဒသမ ၂၆၈ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၅၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ဇွန် ၈ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကော့သောင်းမြို့ ရွှေဟင်္သာရပ်ကွက် ရွာမလမ်း အမှတ် (4A, 45-1) ရှိ ဂိုဒေါင်တစ်လုံးအတွင်းမှ တရားဝင်စာရွက် စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း တစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၉၉၂၀၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ဇွန် ၉ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်၊ တောင်ငူခရိုင်နှင့် ညောင်လေးပင်ခရိုင်တို့အတွင်း၌ တရားမဝင်ကျွန်းသစ် ၁၇ ဒသမ ၆၀၀တန်၊ သစ်မာ ၃၁ ဒသမ ၅၇၅ တန်၊ အခြားသစ်သုည ဒသမ ၇၇၉ တန် (စုစုပေါင်းခန့်မှန်းတန်ဖိုးငွေ ၂၆၁၆၅၅၉၃ ကျပ်)ကို သိမ်းဆည်း ရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် ဇွန် ၈ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သိမ်းဆည်းရမိမှုစာရင်းများအရ လိုင်စင်မဲ့ယာဉ် ၂၇ စီးနှင့် လိုင်စင်မဲ့ဆိုင်ကယ် ၇၆ စီး သိမ်းဆည်းရမိခဲ့ပြီး သက်ဆိုင်ရာလုပ်ထုံးလုပ်နည်း၊ ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ဇွန် ၇ ရက်၊ ၈ ရက်နှင့် ၉ ရက်တို့တွင် သိမ်းဆည်းရမိမှု စုစုပေါင်းမှာ အမှုတွဲ ၃၀ (ခန့်မှန်းတန်ဖိုးငွေ ၁၁၂၅၀၇၂၁၉၃ ကျပ်) ကို သိမ်းဆည်းရမိခဲ့သည်။ တရားမဝင်ကုန်သွယ်မှုများကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စားပြည်တွင်းစီးပွားရေးလုပ်ငန်းများမှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများစျေးကွက်အတွင်း မျှတစွာယှဉ်ပြိုင်နိုင်မှုမရှိခြင်းနှင့် စျေးကွက်ပျောက်ဆုံးခြင်းတို့ဖြစ်ပေါ်စေပြီး ပြည်တွင်းကုန်ထုတ် လုပ်ငန်းများရေရှည်ရပ်တည်နိုင်ရေးအတွက်ကြီးမားသည့် ခြိမ်းခြောက်မှုများကို ဖြစ်ပေါ်စေသည်။ သို့ဖြစ်ပါ၍ ၎င်းတရားမဝင်တင်သွင်းမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက်ပိုမို၍ တားဆီးစစ်ဆေး ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက် ဖျက်ရေး ဦးဆောင်ကော်မတီမှသိရသည်။
သတင်းစဉ်