Skip to main content

မဟာသမယအခါတော်နေ့တရားတော် ထာဝရငြိမ်းချမ်းရေးရည်မျှော်

မဟာသက္ကရာဇ် ၁၀၇ ခုနှစ် နယုန်လပြည့်နေ့ မြတ်စွာဘုရားရှင် ပဉ္စမမြောက် ဝါဆိုခါနီးအချိန်တွင် မဟာသမယသုတ်တရားတော်ကို ဟောကြားတော်မူခဲ့လေသည်။ မဟာသမယသုတ်တရားတော် ဟောကြားတော်မူသည့်ကာလကို တွက်စစ်ကြည့်သော် နှစ်ပေါင်း ၂၅၀၀ ကျော်ခဲ့ပြီဖြစ်သည်။ မဟာသမယသုတ်တရားတော်သည် ငြိမ်းချမ်းခြင်းကိုဦးတည်သဖြင့် ဤကမ္ဘာလောကကြီး ငြိမ်းချမ်းသာယာဝပြောရေးအတွက် မဟာသမယသုတ်တော်ကို ဆင်ခြင်သုံးသပ် အလေးအမြတ်ပြုကြရမည်ဖြစ်သည်။

မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေစဉ် အခါကဖြစ်သည်။ ကပိလဝတ်ပြည်မှ လယ်သမားများနှင့် ကောလိယပြည်မှ လယ်သမားများသည် ရောဟိဏီမြစ်ရေကို ခွဲဝေသုံးစွဲရာ၌ အဝေမတည့်ဖြစ်ကြသည်။ မိုးလေဝသမှန်၍ မြစ်ရေလုံလုံလောက်လောက်ရနေစဉ်က ရေအတွက် ပြဿနာမရှိခဲ့သော်လည်း ထိုစဉ်က မိုးခေါင်သဖြင့် ရောဟိဏီမြစ်ရေနည်းလာသည်။ ကဆုန်၊ နယုန်လတို့တွင် အပူရှိန်ပြင်းလာသဖြင့် ရောဟိဏီမြစ်ရေသည် တစ်ပြည်ထောင်သုံးစွဲရန်ပင် မလောက်ငတော့ပေ။ ကပိလဝတ်ပြည် လယ်သမားတို့က မြစ်ရေကို သူတို့ချည်းသုံးလိုသည်။ ကောလိယပြည် လယ်သမားတို့ကလည်း မြစ်ရေကို မျှဝေလိုခြင်းမရှိပေ။

ဤသို့ဖြင့် အပေးအယူမကြည်ဖြူနိုင်ကြတော့သည့် နှစ်ပြည်ထောင်လယ်သမားတို့၏ အရေးအခင်းသည် နိုင်ငံတော်အဆင့် အရေးအခင်းကြီးအထိ ဖြစ်လာပေသည်။ နှစ်ပြည်ထောင် ဆွေရင်းမျိုးရင်းသွေးချင်းနီးသည့် ပြည်သူအချင်းချင်း ရေအတွက်နှင့် သွေးမြေကျစေမည့် စစ်ပွဲပြင်ဆင်နေစဉ် မြတ်စွာဘုရားရှင် ကြွရောက်တော်မူလာပြီး ရောဟိဏီမြစ်ကောင်းကင်ယံတွင် မြတ်စွာဘုရားရှင်ကို ဖူးမြင်ရသည့်အခါ စစ်သည်တော်အားလုံး လက်နက်ချ၍ ရှိခိုးကန်တော့ကြသည်။

ထိုအခါ မြတ်စွာဘုရားရှင်က တန်ဖိုးနည်းသည့်ရေအတွက်ဖြင့် တန်ဖိုးမဖြတ်နိုင်သည့် သာကီဝင်မင်းသားတို့၏သွေး မြေသို့မကျသင့်၊ အသက်မသေသင့်။ စစ်တို့ မည်သည်ရှုံးသူရော နိုင်သူပါ သားစဉ်မြေးဆက် ရန်ငြိုးဖွဲ့၍ အတောမသတ်အောင် ဖြစ်ပွားနိုင်သဖြင့် နိုင်သူမရှိ အရှုံးချည်းသာဖြစ်သည်ဟု ဆုံးမတရားဟောကြားသည်။ နှစ်ဖက်ဆွေမျိုးများ နှလုံးသွင်းဆင်ခြင်နိုင်ရန် တစ်ပြည်နှင့်တစ်ပြည် အပြစ်မရှာဘဲ ငြိမ်းချမ်းစွာ နေထိုင်ဆက်ဆံကြမှ အကျိုးရှိမည်ဖြစ်ကြောင်းသိစေရန် ဝက်ဝံနှင့် ကြို့ပင်စောင့်နတ်တို့ ရန်ငြိုးဖွဲ့မှားပြီး ဝက်ဝံလည်းသေ၊ ရုက္ခစိုးနတ်၏ ကြို့ပင်လည်း ပျက်စီးရသည့်ဇာတ်တော်ကို ဟောတော်မူသည်။

ထို့နောက် ပြေးကြ၊ ပုန်းကြရင်း ဆင်းရဲဒုက္ခရောက်ကြရသော တိရစ္ဆာန်တို့အကြောင်း ဒုဒ္ဒုဘဇာတ်၊ တစ်ဦးနှင့်တစ်ဦး တစ်ဖက်နှင့်တစ်ဖက် အင်အားသုံးအနိုင်မယူသင့်၊ မိမိထက် အင်အားအလွန်ကြီးသော ဆင်ရိုင်းကြီးကိုပင် သေးငယ်သည့် နှံစုတ်ငှက်က အနိုင်ရဖူးကြောင်း လဋုကိကဇာတ်တော်၊ သာကီဝင်မျိုးနွယ်တို့အချင်းချင်း ညီညွတ်စွာနေထိုင်ကြရမည်၊ အချင်းချင်းစစ်မက်မဖြစ်သော်လည်း အပြန်အလှန်စကားစစ်ထိုးကာ အချင်းများစိတ်ဝမ်းကွဲပြားလျှင် ငြိမ်းချမ်းရေးအရသာကို ခံစားရမည်မဟုတ်ကြောင်း သမ္မောဒမာနဇာတ်တော်ကို ဟောတော်မူသည်။

အသိဉာဏ်ရှိသော လူသားများကိုမဆိုနှင့်၊ သက်မဲ့သစ်ပင်တို့သည်လည်း တစုတဝေးတည်း စုစုစည်းစည်းပေါက်ရောက်နေပါက လေဒဏ်၊ မိုးဒဏ်အန္တရာယ်ကင်းဝေးကြောင်း ဆင်ခြင်သိရှိနိုင်စေရန် ရုက္ခဓမ္မဇာတ်တော်ကို ဟောကြားတော်မူသည်။ ထို့နောက် သာကီဝင်မင်းသားအားလုံး မိမိကိုယ်မိမိ ဆုံးမနေထိုင်တတ်ရန် အတ္တဒဏ္ဍသုတ်ကို ဟောတော်မူသည်။ မြတ်စွာဘုရားရှင် ဟောကြားတော်မူသည့် စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးတရားများကို နာယူကြပြီးသည့်အခါ ဆွေတော်မျိုးတော်အပေါင်းတို့သည် ဒေါသများကင်းစင်၍ အမြင်မှန်ရကာ နှစ်ဖက်ငြိမ်းချမ်းရေးယူလိုက်ကြသည်။ နှစ်ပြည်ထောင်မင်းသား ၂၅၀ စီ ထာဝရငြိမ်းချမ်းရေးကိုရည်စူး၍ ရဟန်းပြုကာ တရားအားထုတ်ကြသည်။

ထို့နောက် ရဟန္တာဖြစ်ပြီး ၅၀၀ သောရဟန်းတို့သည် ရရှိထားသောတရားထူးကို လျှောက်ထားရန် နယုန်လပြည့်နေ့ ညနေဆည်းဆာအချိန်တွင် မဟာဝုန်တောရှိ မြတ်စွာဘုရားရှင်ထံ စုရုံးရောက်ရှိလာသောအခါ ကြည်ညိုပူဇော်လိုသော စကြဝဠာတိုက်အပေါင်းမှ နတ်၊ ဗြဟ္မာ၊ အသူရာ၊ ဂဠုန်၊ နဂါးတို့သည် စုရုံး၍ မြတ်စွာဘုရားနှင့် ရဟန်းငါးရာတို့ကို ပူဇော်ကန်တော့ကြသည်။ နတ်၊ ဗြဟ္မာ၊ အသူရာများကို မြတ်စွာဘုရားက အသိအမှတ်ပြုသောအားဖြင့် အမည်နာမထုတ်ဖော်၍ နှုတ်ခွန်းဆက် စကားပြောကြားသည်။ အဆိုပါ မြတ်စွာဘုရား၏ နှုတ်ခွန်းဆက်စကားကို “မဟာ သမယသုတ်”ဟုခေါ်ပါသည်။ မဟာသမယသုတ်နှင့်တကွ သတ္တဝါတို့၏စရိုက်ကိုလိုက်၍ ပုရာဘေဒသုတ်ကို ဟောတော်မူသည်။

သို့ဖြစ်ရာ မဟာသမယသုတ်တော်နေ့ (ဝါ)ငြိမ်းချမ်းရေးနေ့သည် ထေရဝါဒ မြန်မာပြည်မှာသာမက တစ်ကမ္ဘာလုံး အလေးအမြတ်ပြုသင့်သည်။ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်နည်း တရားတော်အပါအဝင် စည်းလုံးညီညွတ်ရေးတရားတော် များဟောကြားခဲ့သည့် နေ့ထူးနေ့မြတ်ဖြစ်သော မဟာသမယအခါတော်နေ့ကို အစဉ်ထာဝရတည်ထွန်းစေရန် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။         ။