Skip to main content

မန္တလေးမြို့၌ နိုင်ငံတကာအဆင့်မီဓာတ်ခွဲခန်းသစ် ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန တည်ဆောက်

မန္တလေး အောက်တိုဘာ ၁၇

အထက်မြန်မာပြည်တစ်ခုလုံးအတွက် အကျိုးပြုဆောင်ရွက်နိုင်စွမ်းရှိသည့် နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်းအသစ် ပြည်သူ့ ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (Public Health Laboratory- Mandalay) ကို မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၃၅ လမ်း၊ ၆၅ လမ်းနှင့် ၆၆ လမ်းကြားရှိ အဆိုပါ ဌာနဝင်းအတွင်း၌ တည်ဆောက်လျက်ရှိရာ လုပ်ငန်းပြီးစီးမှုအခြေနေကို အောက်တိုဘာ ၁၆ ရက်တွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

အဆိုပါ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနရုံး (PHL) အဆင့်မြင့်ဓာတ်ခွဲခန်းအသစ်ကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မန္တလေးမြို့ပြဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေရှာဖွေရေးကော်မတီမှ  လှူဒါန်းသည့် ခန့်မှန်းငွေ ကျပ်သိန်းတစ်သောင်းနှစ်ထောင်ခန့် အကုန်အကျခံ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ မန္တလေးမြို့မှ လက်ရှိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုစစ်ဆေးပေးနေသည့် ဓာတ်ခွဲခန်းကို နိုင်ငံတကာအဆင့်မီဖြစ်စေရန်အတွက် အဆောက်အအုံပိုင်း တိုးချဲ့ ဆောင်ရွက် ခြင်း ဖြစ်ပြီး ယခုအခါ တည်ဆောက်ရေးလုပ်ငန်း ၉၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။

ယခု အသစ်ဆောက်လုပ်လျက်ရှိသည့် ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန အဆောက်အအုံမှာ နိုင်ငံတကာအဆင့်မီ Bio Safty Level (+2) အဆင့်ရှိ RC အမျိုးအစားနှစ်ထပ်ခွဲ၊ အလျား ၆၉ ပေ x အနံ ၅၉ ပေ၊ စတုရန်းပေ ၁၀၆၃၁ ပေခန့်ဖြစ်ပြီး နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်းများ၊ နည်းပညာဖလှယ်ရန်သင်တန်းခန်းမ၊ နိုင်ငံခြားဓာတ်ခွဲခန်းများကဲ့သို့ Sensor Air Lock တံခါးများ၊  Negative Pressure စနစ်ဓာတ်ခွဲခန်းများ၊ လက်ရှိဆောင်ရွက်နေသော ဓာတ်ခွဲစက်သုံးစုံ ထားရှိဆောင်ရွက်ရန် တည်ဆောက်လျက်ရှိပြီး ၎င်းဓာတ်ခွဲခန်းအဆောက်အအုံအား အောက်တိုဘာလကုန်တွင် အပ်နှံနိုင်ရန် ရည်မှန်းထားကြောင်းနှင့် နိုဝင်ဘာလလယ်တွင် အဆိုပါဓာတ်ခွဲခန်း၊ အဆောက်အအုံ၌ PHL လုပ်ငန်းများ စတင်လည်ပတ်နိုင်ရန်အတွက် စီမံဆောင်ရွက်လျက်ရှိကြောင်း မန္တလေးမြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေရှာဖွေရေးကော်မတီမှ သိရသည်။

လက်ရှိဆောင်ရွက်လျက်ရှိသော ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) အနေဖြင့် ကိုဗစ်ရောဂါ  ဓာတ်ခွဲ စစ်ဆေး ဆောင်ရွက်ခြင်းကို ဇွန် ၁ ရက်မှ အောက်တိုဘာ ၁၅ ရက်အထိ အထက်မြန်မာပြည်ရှိ မန္တလေး၊ စစ်ကိုင်း၊ ရှမ်း/မြောက်၊ ကချင်၊ ချင်း စသည့်မြို့များမှ နှာခေါင်းနှင့်အာခေါင်တို့ဖတ် နမူနာစုစုပေါင်း ၄၈၅၅၆ ဦးကို ဓာတ်ခွဲစစ်ဆေးပြီးခဲ့ရာ ဓာတ်ခွဲအတည်ပြု တွေ့ရှိသူ ၁၁၁၀ တွေ့ရှိခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန(မန္တလေး) မှ သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)