Skip to main content

ကြီးကျယ်မြင့်မြတ်သည့် မဟာသမယ

မြန်မာ့ ၁၂ လတွင် နယုန်လသည် တတိယမြောက်လဖြစ်၍ နွေဥတု၏ နောက်ဆုံးလဖြစ်ပြီး မိုးသေးမိုးဖွဲတို့ စတင်ရွာသွန်းသည့် ကာလလည်းဖြစ်သည်။ သို့ဖြစ်ရာ ရှေးဘုရင်များလက်ထက်အခါက နယုန်လတွင် လယ်ထွန်မင်္ဂလာပွဲကို ကျင်းပကာ ဘုရင်မင်းများကိုယ်တိုင် ပါဝင်ဆင်နွှဲခြင်းဖြင့် နိုင်ငံ၏ပင်မစီးပွား၊ နိုင်ငံသားတို့၏ အဓိကစားစရာ ဆန်စပါးစိုက်ပျိုးရေးကို အားပေးခဲ့ကြသည်။ ထို့အပြင် နယုန်လတွင် သာသနာတော်တိုးတက်ထွန်းကားရေးနှင့် ရဟန်းပညာရှိ၊ လူပညာရှိများ ပေါ်ထွန်းလာရေးတို့အတွက် စာတော်ပြန်ပွဲများကိုလည်း ဘုရင်မင်းအဆက်ဆက်တို့က အလေးထားကျင်းပခဲ့ကြသည်။

ဘာသာရေးပွဲသဘင်အနေအားဖြင့်မူ နယုန်လပြည့်နေ့သည် မြတ်စွာဘုရားရှင် မဟာဝုန်တောသို့ကြွရောက်ကာ စကြဝဠာတိုက်တစ်သောင်းမှ ရောက်ရှိလာကြကုန်သော နတ်ဗြဟ္မာ အပေါင်းတို့အား မဟာသမယသုတ်ကို ဟောကြားတော်မူသည့် နေ့ဖြစ်ပြီး ဤသည်ကိုအစွဲပြု၍ နောင်အခါတွင် နယုန်လပြည့် နေ့ကို မဟာသမယအခါတော်နေ့အဖြစ် ကျင်းပလာခြင်းဖြစ်သည်။ မဟာသမယသုတ် ဖြစ်ပေါ်လာရခြင်းအကြောင်းမှာ မြတ်စွာဘုရားရှင်လက်ထက် မဟာသက္ကရာဇ် ၁၀၈ ခုနှစ်တွင် မဇ္ဈိမဒေသ၌ မိုးခေါင်ရေရှားမှုဖြစ်ပွားရာ စိုက်ရေးပျိုးရေးအတွက် ရောဟနီမြစ်မှရေကို အားကိုးအားထားပြုနေကြရသည့် နှစ်ပြည်ထောင်ဖြစ်သော ကပိလဝတ်နှင့် ကောလိယတို့မြစ်ရေကို သူပိုင်သည် ငါပိုင်သည် ငြင်းခုန်ကြရာမှ တင်းမာမှုမြင့်သထက် မြင့်တက်လာပြီး စစ်ခင်းရန်ပြင်ဆင်သည့်အခြေအနေသို့ ရောက်ရှိလာခဲ့သည်။

စစ်ဖြစ်လုဆဲဆဲတွင် မြတ်စွာဘုရားရှင်ရောက်ရှိလာပြီး နှစ်ပြည်ထောင်မင်းတို့အား မြစ်ရေ၏တန်ဖိုးနှင့် လူ့အသက်၏တန်ဖိုးတို့ကိုနှိုင်းယှဉ်၍ အမှားကိုသိမြင်စေကာ ငြိမ်းချမ်းရေး၊ ညီညွတ်ရေးတို့အတွက် တရားရေအေးကို တိုက်ကျွေးတော်မူသည်။ တရားတော်အဆုံးတွင် နှစ်ပြည်ထောင်အကြား ပြေငြိမ်းမှုရရှိပြီး တစ်ဖက်လျှင် မင်းညီမင်းသား ၂၅၀ စီဖြင့် နှစ်ပြည်ထောင်မှ မင်းသား ၅၀၀ တို့ သာသနာ့ဘောင်သို့ဝင်ရောက်ကာ ရဟန်းပြု ကြသည်။ မင်းသားဘဝမှ ရဟန်းဖြစ်လာကြသူတို့မှာ သာသနာ့ဘောင်တွင် မပျော်မွေ့နိုင်ဘဲရှိနေကြရာမှ မြတ်စွာဘုရား၏ အဆုံးအမကြောင့် ရဟန်း ၅၀၀ တို့ သောတာပန်ဖြစ်သွားကြသည်။ ထို့နောက် ကပိလဝတ်ပြည်အနီး မဟာဝုန်တောတွင် ဆက်လက်တရားအားထုတ်ကြရာမှ ရဟန်းတော် ၅၀၀ တို့အားလုံး ရဟန္တာအဖြစ် ရောက်ရှိသွားကြသည်။ ထိုရဟန္တာ ၅၀၀ တို့သည် နယုန်လပြည့်နေ့ ညချမ်းအချိန်တွင် မြတ်စွာဘုရားထံသို့ စုရုံးရောက်ရှိလာကြရာ ထူးခြားလှသည့် သံဃာ့အစည်းအဝေးကြီးကို ဖူးမြော်ကြည်ညိုကြရန်အလို့ငှာ စကြဝဠာတိုက်တစ်သောင်းမှ နတ်ဗြဟ္မာများ အသူရာ၊ ဂဠုန်၊ နဂါးတို့ပါမကျန် မဟာဝုန်တောကြီးသို့ မည်သည့်အချိန်အခါနှင့်မျှမတူအောင် ကြီးကျယ်ခမ်းနားလှစွာ စုရုံးရောက်ရှိလာကြသည်။ ယင်းအချိန်အခါကို မဟာသမယဟုခေါ်ဆိုပြီး ယင်းနတ်သဘင်အစည်းအဝေးတွင် မြတ်စွာဘုရားရှင်က နတ်တို့၏ အမည်နာမအမျိုးမျိုးတို့ကို ထုတ်ဖော်မြွက်ကြားခဲ့သည့် အကြောင်းအရာများမှာ မဟာသမယသုတ်ဖြစ်သည်။

မဟာသမယသုတ်သည် မြတ်စွာဘုရားရှင်ကိုယ်တိုင် ထုတ်ဖော်မြွက်ကြားခဲ့ခြင်းဖြစ်သည့်အလျောက် မဟာသမယသုတ်ကို အစဉ်အမြဲရွတ်ဖတ်ခြင်းဖြင့် နတ်တို့၏ချစ်ခင်မှုကိုရရှိနိုင်သည်ဟု ဗုဒ္ဓဘာသာဝင်တို့ယုံကြည်ကြသည်။ ထို့အပြင် အိမ်သစ်၊ တိုက်သစ်စသော နေရာထိုင်ခင်းအသစ်တို့ ရရှိလာပါက လည်း ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံစေခြင်းငှာ မဟာသမယသုတ်ကို ရွတ်ဆိုပူဇော်သင့်ကြသည်။ နယုန်လပြည့်နေ့သည် လူ့အသက်နှင့် လူ့ဘဝ၏တန်ဖိုးကို သိမြင်စေကာ အမျက်ဒေါသကိုစွန့်ပယ်၍ ငြိမ်းချမ်းရေးကိုတည်ဆောက်နိုင်ကြရန် သတိပေးနေသည့် နေ့လည်းဖြစ်သည်။ မိမိတို့နိုင်ငံသူနိုင်ငံသားအားလုံး၊ ကမ္ဘာသူကမ္ဘာသားအားလုံး လက်နက်ဘေး၊ စစ်မက်ဘေးနှင့် ဘေးအပေါင်းတို့မှကင်းဝေးကာ မေတ္တာလွှမ်းခြုံ လုံခြုံအေးမြကြပါစေကြောင်း။