နေပြည်တော် အောက်တိုဘာ ၁၇
နိုင်ငံတကာခရီးသည်တင်လေယာဉ်များ ပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် မလေးရှားနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာသင်္ဘောသား ၄၀နှင့် ထိန်းသိမ်းရေးစခန်း၌ ပြစ်ဒဏ်ကျခံပြီးသူ မြန်မာနိုင်ငံသား ၄၀ အပါအဝင် မြန်မာနိုင်ငံသား စုစုပေါင်း ၁၇၅ ဦးအား ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးမှ စီစဉ်သည့် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ညနေ ၅ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။
အလားတူ ကိုရီးယားသမ္မတနိုင်ငံ ၌ သင်္ဘောဆင်း၍ မြန်မာနိုင်ငံသို့ ပြန်ရန် စောင့်ဆိုင်းနေကြသည့် မြန်မာသင်္ဘောသား ၁၃၆ ဦးတို့အား Crew Change Supporting Myanmar နှင့် ဆိုးလ်မြို့ရှိ မြန်မာသံရုံးတို့ ပူးပေါင်းစီစဉ်သည့် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ည ၈ နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။
၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေး စိစစ်ရေး၊ သီးသန့်စီစဉ်ပေးသည့်နေရာ သတ်မှတ်ဟိုတယ်များ၌ အသွားအလာ ကန့်သတ်မှုခုနစ်ရက်နှင့် နေအိမ်တွင် အသွားအလာကန့်သတ်မှု ခုနစ်ရက် နေထိုင်စေရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍ အလိုက် တာဝန်ယူဆောင်ရွက်ပေးခဲ့ကြသည်။
ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာသင်္ဘောသားများနှင့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်ရန် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်