သဘာဝဘေးအန္တရာယ်ဆိုသည်မှာ မလွန်ဆန်နိုင်သော လောကဓမ္မတာဖြစ်သည်။ သဘာဝအန္တရာယ်သည် ကြိုတင်မျှော်မှန်းနိုင်ခြင်းမရှိဘဲ အနီးဆုံးအနေအထားအရသာ ရင်ဆိုင်ကြုံတွေ့ရသည့်အန္တရာယ်ဖြစ်သည်။ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးပျက်စီးမှုများကို လျှော့ချနိုင်ရန်မလွယ်ကူသော်လည်း လူ့အသက်များ ဆုံးရှုံးမှုနှင့် ထိခိုက်ပျက်စီးမှုများကို လျှော့ချနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်စီမံဆောင်ရွက်ထားနိုင်ပေသည်။
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိ သဘာဝဘေးအန္တရာယ်နှင့် ကြုံတွေ့နေရသော နိုင်ငံများစာရင်းတွင်ပါဝင်ပြီး နှစ်စဉ်နှစ်တိုင်း သဘာဝဘေးအန္တရာယ်တစ်မျိုးမျိုးနှင့် ရင်ဆိုင်ကြုံတွေ့ရလေ့ရှိသည်။ ယခု ၂၀၂၅ ခုနှစ်တွင် ဇန်နဝါရီလမှ မေလအထိ ငါးလတာကာလအတွင်း နိုင်ငံပေါင်း ၄၆ နိုင်ငံတွင် မိုးခေါင်မှု နှစ်ကြိမ်၊ ငလျင်လှုပ်ခတ်မှု ကိုးကြိမ်၊ ရေကြီးမှု ၃၂ ကြိမ်၊ မုန်တိုင်းတိုက်ခတ်မှု ၃၄ ကြိမ်၊ မီးတောင်ပေါက်ကွဲမှု တစ်ကြိမ်နှင့် တောမီးလောင်မှု ကိုးကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထိုကာလတွင် မြန်မာနိုင်ငံအနေဖြင့် ငလျင်အကြီးစားလှုပ်ခတ်မှု တစ်ကြိမ်နှင့် ရေကြီးရေလျှံမှု အကြိမ်အနည်းငယ်ဖြစ်ပွားခဲ့သည်။
၂၀၁၅ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ကမ္ဘာတစ်ဝန်း၌ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်မှု ၁၀ နှစ်တာကာလကို လေ့လာကြည့်မည်ဆိုလျှင် မီးတောင်ပေါက်ကွဲမှု သုံးကြိမ်မှ ငါးကြိမ်နှင့် တောမီးလောင်မှု တစ်ကြိမ်မှ ကိုးကြိမ်အထိ ဖြစ်ပွားခဲ့သည်။ မိုးခေါင်ရေရှားမှု အနည်းဆုံးနှစ်ကြိမ်မှ အများဆုံး ၁၂ ကြိမ်၊ ငလျင်ဘေး အနည်းဆုံး ခုနစ်ကြိမ်မှ အများဆုံး ၁၉ ကြိမ်၊ ရေဘေး အနည်းဆုံး ၄၆ ကြိမ်မှ အများဆုံး ၉၇ ကြိမ်ဖြစ်ကြောင်း သိရသည်။ ယင်းတို့အနက် ပြီးခဲ့သည့်နှစ် ၂၀၂၄ ခုနှစ်တွင် တစ်ကမ္ဘာလုံး အတိုင်းအတာအနေဖြင့် ရေဘေး ၇၁ ကြိမ်ဖြစ်ပွားခဲ့ပြီး မုန်တိုင်း အနည်းဆုံး ၂၁ ကြိမ် မှ အများဆုံး အကြိမ် ၆၀ အထိ ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်အားလုံးကို နှိုင်းယှဉ်ကြည့်လျှင် ရေဘေးအန္တရာယ်နှင့် မုန်တိုင်းအန္တရာယ်မှာ အများဆုံးဖြစ်သည်ကို တွေ့ရသည်။
မြန်မာနိုင်ငံအနေဖြင့် ကြုံတွေ့ခဲ့ရသော သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို နှိုင်းယှဉ်လေ့လာကြည့်မည်ဆိုပါက ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သော ငလျင်အကြီးစားလှုပ်ခတ်မှုမှာ နှစ်ပေါင်းများစွာကြာမှ ကြုံတွေ့ရသော သဘာဝဘေးအန္တရာယ်ဖြစ်ပြီး များသောအားဖြင့် မုန်တိုင်းအန္တရာယ်များ၊ ရေကြီးရေလျှံမှုနှင့် မြေပြိုမှုအန္တရာယ်များဖြစ်သည်ကို တွေ့ရမည်ဖြစ်သည်။ ပြီးခဲ့သည့် မေလ ၃၀ ရက်နေ့တွင် ကျင်းပခဲ့သည့် ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေးပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်းသုံးသပ်ဆွေးနွေးပွဲတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများနှင့် လူမှုကာကွယ်ရေး၊ အခြေခံအဆောက်အအုံများ ပြန်လည်တည်ဆောက်ရေး၊ စီးပွားရေးပြန်လည်ရှင်သန်ခြင်းနှင့် ကြံ့ကြံ့ခံပြီး ခြုံငုံမှုရှိသည့် ပြုပြင်ပြောင်းလဲမှုဟူသည့် မဏ္ဍိုင်သုံးရပ်ကို နိုင်ငံတော်အကြီးအကဲက လမ်းညွှန် မှာကြားခဲ့သည်။
သဘာဝဘေးဟူသည် မလွန်ဆန်နိုင်သော မလွဲမသွေကြုံတွေ့ရမည့်အန္တရာယ်ဖြစ်သဖြင့် သဘာဝဘေးမတိုင်မီကာလ၊ သဘာဝဘေးကျရောက်စဉ်ကာလနှင့် သဘာဝဘေးလွန်ကာလတို့တွင် မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို မပျက်မကွက်ဆောင်ရွက်ထားကြရမည်ဖြစ်သည်။ ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် အများဆုံးကျရောက်တတ်သည့် ငလျင်ပြင်းအားအဆင့်အပေါ်မူတည်၍ အဆောက်အအုံများကြံ့ခိုင်မှုရှိအောင် တည်ဆောက်ထားရမည်ဖြစ်သည်။ မုန်တိုင်းဘေး၊ ရေဘေးတို့မှာ ကြိုတင်သိနိုင်သောအချက်များရှိသဖြင့် မဖြစ်မီကကြိုတင်ဆောင်ရွက်ထားခြင်းဖြင့် ထိခိုက်ဆုံးရှုံးမှုကို လျှော့ချနိုင်သည်။
ယခုအခါ မိုးရာသီကာလကို ရောက်ရှိလာပြီဖြစ်သည့်အတွက် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကို တွက်ချက်၍ ကြိုတင်ကာကွယ်တားဆီးခြင်းဖြင့် ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်အောင် လုပ်ဆောင်ထားရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အမျိုးသားအဆင့်စီမံချက်များလည်း ရေးဆွဲထားပြီးဖြစ်၍ စီမံချက်ပါအတိုင်း လုပ်ဆောင်ထားရန်လိုအပ်သည်။ ဘေးအန္တရာယ်နှင့် ကြုံတွေ့နိုင်သည့်ပြည်သူများအား လုံခြုံစိတ်ချသောနေရာသို့ ရွှေ့ပြောင်းပေးခြင်း၊ ပုံစံတူဇာတ်တိုက်လေ့ကျင့်ခြင်းစသည့် ကြိုတင်ကာကွယ်ခြင်းအမျိုးမျိုးတို့ကို လုပ်ဆောင်ထားရမည်ဖြစ်သည်။
သို့ဖြစ်ရာ သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့ကို နှစ်စဉ်တစ်မျိုးမဟုတ်တစ်မျိုး ကြုံတွေ့နိုင်သည်ဖြစ်ရာ နှစ်အလိုက်သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်မှုကို အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဗဟိုဌာနနှင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနတို့က စဉ်ဆက်မပြတ်စောင့်ကြည့်လေ့လာမှုများကို အများပြည်သူသိရှိအောင် စဉ်ဆက်မပြတ်အသိပေးပြီး သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပြည်သူများက သဘာဝဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်၍ ကျော်လွှားသွားကြရမည်ဖြစ်ပါကြောင်း။ ။