Skip to main content

စေတနာ့ဝန်ထမ်း မော်တော်ယာဉ်မောင်းနှင်ပေးသူများနှင့် ယာဉ်ပေါ်တွင်လိုက်ပါကူညီ ဆောင်ရွက်နေသော စေတနာ့ဝန်ထမ်းများအား အသိပညာပေးခြင်း အစီအစဉ်ပြုလုပ်

နေပြည်တော် အောက်တိုဘာ ၁၇

အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့နှင့် မြန်မာနိုင်ငံဆရာဝန် အသင်းတို့ပူးပေါင်း၍ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်မှု လုပ်ငန်းစဉ်၌ ပါဝင်ဆောင်ရွက်နေကြသော စေတနာ့ဝန်ထမ်းများအနက် အရေးပေါ်ကားများဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိသူများ၊ ရောဂါပိုးရှိကြောင်း သံသယရှိသူများ၊ ရောဂါပိုးရှိသူနှင့် ဆက်စပ်သူများအား သယ်ယူပို့ဆောင်ပေးခြင်းလုပ်ငန်းတွင် တာဝန်ထမ်းဆောင် နေသော စေတနာ့ဝန်ထမ်း မော်တော်ယာဉ်မောင်းနှင်သူများနှင့် ယာဉ်ပေါ်တွင် လိုက်ပါကူညီဆောင်ရွက်နေသော စေတနာ့ဝန်ထမ်းများအား အသိပညာပေး အစီအစဉ်ကို ယနေ့ မွန်းလွဲပိုင်းတွင် Zoom Meeting ဖြင့် ပြုလုပ်သည်။

အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင် က နိုင်ငံတော်အနေဖြင့် စေတနာ့ဝန်ထမ်းများအား လုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့အား ဖွဲ့စည်းကာ ဆောင်ရွက်လျက်ရှိပြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အတွင်းရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်လျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံဆရာဝန်အသင်း(MMA)နှင့်ပူးပေါင်း၍ စေတနာ့ဝန်ထမ်းလက်စွဲစာအုပ်၊ စေတနာ့ဝန်ထမ်း နည်းပြလက်စွဲစာအုပ်များအား ပြုစုဖြန့်ဝေခဲ့ပြီးလည်း ဖြစ်ပါကြောင်း၊ ယခုတွင်လည်း ကိုဗစ်-၁၉ ရောဂါပိုးနှင့် ထိတွေ့နေရသည့် အရေးပေါ်ယာဉ်မောင်းသူများနှင့် ယဉ်ပေါ်တွင်လိုက်ပါကူညီဆောင်ရွက်နေသူများအား ရောဂါပိုးမပြန့်ပွားစေရေးနှင့် ရောဂါကာကွယ်ရေးပစ္စည်းများအား စနစ်တကျဝတ်ဆင်ရန်နှင့် စွန့်ပစ်ပစ္စည်းများအား စနစ်တကျ စွန့်ပစ်နိုင်ရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ အသိပညာပေးခြင်းအား စတင်ဆောင်ရွက်နိုင်ရန် အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့၊ အတွင်းရေးမှူးရုံးက  စေတနာ့ဝန်ထမ်းများ စည်းရုံးစုစည်းပေးခဲ့ပါကြောင်း၊ အောက်တိုဘာ ၁၃ ရက်နေ့တွင် နေပြည်တော်ကောင်စီ၊ ကယားပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှ စေတနာ့ဝန်ထမ်း ၉၁ ဦးဖြင့် ပထမအကြိမ် အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပြီး ယနေ့ ဒုတိယအကြိမ် အသိပညာ ပေးအစီအစဉ်ကို ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ အသိပညာပေးအစီအစဉ်တွင် ပါဝင်ဆွေးနွေးပေးကြမည့် မြန်မာနိုင်ငံ ဆရာဝန်အသင်းမှ Prof. Dr မြသီတာ၊ Prof. Dr မာမာကြည်။  Dr.သောင်းလင်း နှင့် Dr. သာထက်အောင်တို့ကိုလည်း ကျေးဇူးအထူးတင်ပါကြောင်း။

အသိပညာပေး အစီအစဉ်ကတစ်ဆင့် လူနာတင်ယာဉ်ဖွဲ့စည်းပုံနှင့် အသက်ရှူစက်များ အလုပ်လုပ်ပုံ၊ နာတာရှည်ရောဂါခံစားနေရသူများ နှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်နည်းလမ်း၊ ကာကွယ်ရေးပစ္စည်းများ စနစ်တကျဝတ်ဆင်သည့် နည်းလမ်းနှင့် စွန့်ပစ်အမှိုက်များနှင့် ပတ်သက်၍ စနစ်တကျဆောင်ရွက်ရန်နှင့် လူနာတင်ယာဉ်များတွင် ကိုယ်ဝန်ဆောင် မိခင်များပါလာပါက ဆောင်ရွက်ရမည့် အခြေအနေများကို ဆွေးနွေးပေးမည်ဖြစ်ပါကြောင်း၊ ယနေ့ အသိပညာပေး အစီအစဉ်တွင်ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ စေတနာ့ဝန်ထမ်းများ တက်ရောက် ပြသည့်အတွက် အလွန်ပင် ဝမ်းသာ ရပါကြောင်း၊ ယခုလိုအချိန်တွင် စေတနာ့ဝန်ထမ်းများအနေဖြင့် တက်တက်ကြွကြွ ဆောင်ရွက်ပေးနေ ကြသည့်အတွက် တစ်ယောက်စီတိုင်းကို အထူးကျေးဇူးတင်ရှိပါသည်ဟု ပြောကြားလိုပါကြောင်း၊ နောက်ထပ်လည်း ဝိုင်းဝန်းကူညီဆောင်ရွက် ပေးကြပါရန် ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံ ဆရာဝန်အသင်းမှ ဒုတိယဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ မြသီတာက အသိပညာပေးအစီအစဉ် ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြီး သက်ဆိုင်ရာခေါင်းစဉ်အလိုက်တာဝန် ရှိသူများက ဆက်လက်ဆွေးနွေးခဲ့ကြသည်။

ထို့နောက်တက်ရောက်လာသော စေတနာ့ဝန်ထမ်းများက သိလိုသည်များကို အပြန်အလှန်မေးမြန်းဖြေကြားခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်