နေပြည်တော် အောက်တိုဘာ ၁၇
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အာရပ်စော်ဘွားများ ပြည်ထောင်စု (United Arab Emirates-UAE) ၌ ရောက်ရှိနေသော မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယာဒ်မြို့ရှိ မြန်မာသံရုံးမှ သက်ဆိုင်ရာ အာဏာပိုင်များနှင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ခဲ့ရာ ယနေ့တွင် ဒူဘိုင်းမြို့ရှိ Jumeirah Creekside ဟိုတယ်၌ ပြင်ပမဲရုံ သွားရောက် ဖွင့်လှစ်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
ဒူဘိုင်းမြို့ရှိ ပြင်ပမဲရုံ၌ မဲဆန္ဒရှင် မြန်မာနိုင်ငံသား (၂၅၀) ခန့် ယနေ့ ကြိုတင် ဆန္ဒမဲပေးခဲ့ကြပြီး အောက်တိုဘာ ၁၈ ရက်တွင်လည်း မဲရုံ ဆက်လက်ဖွင့်လှစ် ဆောင်ရွက်သွားမည်ဖြစ်သည်။
ထို့ပြင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် ယနေ့ ကြိုတင်ဆန္ဒမဲများ ဆက်လက် ပေးခဲ့ကြရာ ဗန်ကောက်မြို့ရှိ မြန်မာသံရုံး၌ မဲဆန္ဒရှင် (၃၆၇)ဦး၊စင်ကာပူမြို့ရှိ မြန်မာသံရုံး၌ မဲဆန္ဒရှင်(၁၈၀၀) ခန့်နှင့် မော်စကိုမြို့ရှိ မြန်မာသံရုံး၌ မဲဆန္ဒရှင်(၈)ဦးတို့ ကြိုတင်ဆန္ဒမဲများ ဆက်လက်ပေးခဲ့ကြသည်။
မြန်မာသံရုံးများ၌ ကြိုတင်ဆန္ဒမဲလာရောက်ပေးသူများအား သက်ဆိုင်ရာနိုင်ငံများမှ ချမှတ်ထားသော ကိုဗစ်ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ စည်းကမ်းများအရ စနစ်တကျ စီစဉ်၍ ပံ့ပိုးဆောင်ရွက်ပေးခဲ့ပြီး မဲဆန္ဒရှင်များကလည်း စီစဉ်ဆောင်ရွက် ထားရှိသည့်အတိုင်း လိုက်နာကာ စနစ်တကျ ဆန္ဒမဲများပေးခဲ့ကြသည်။
သို့ပါ၍ ယနေ့တွင် ပြင်ပမဲရုံ(၁)ရုံနှင့် မြန်မာသံရုံး(၃)ရုံးတို့၌ မဲဆန္ဒရှင်စုစုပေါင်း (၂၄၂၅)ဦးခန့်တို့ ကြိုတင်ဆန္ဒမဲများ လာရောက်ပေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)