ရန်ကုန် ဇွန် ၅
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမားရေးရာဌာနများမှ တာဝန်ခံအရာထမ်းများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ငွေပင်လယ်စက်မှုဇုန်ရှိ Hanfex Co., Ltd. အထည်ချုပ် စက်ရုံလုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုသည်။
ထိုသို့ကြည့်ရှုစဉ် ဒုတိယဝန်ကြီးက CMP လုပ်ငန်းများအပါအဝင် စက်ရုံ၊ အလုပ်ရုံများ ဖွံ့ဖြိုးတိုးတက်စေရေး ကြီးကြပ်ရေးကော်မတီနှင့် ဆပ်ကော်မတီများဖွဲ့စည်း၍ အလေးထားကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေးနှင့် ကုန်ထုတ်စွမ်းအား တိုးတက်စေရေးအတွက် အလုပ်သမားရေးရာညွှန်ကြားချက်များနှင့် အညီ လိုက်နာဆောင်ရွက်ရန်၊ စက်ရုံအလုပ်သမားအဖွဲ့အစည်း၊ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC)၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီများသည် အလုပ်သမားရေးရာဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်၍ လုပ်သားများ သက်သာချောင်ချိမှုနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးအတွက် အလုပ်ရှင်၊ အလုပ်သမားအပြန်အလှန် စေတနာထားပြီး ယုံကြည်မှုရှိရှိဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လှိုင်သာယာမြို့နယ်ရှိ VDM Skills Training Center သို့ရောက်ရှိရာ သင်တန်းကျောင်းတာဝန်ခံက ဂဟေဆက်အလုပ်အကိုင်နှင့် ဟိုတယ်လုပ်ငန်းဆိုင်ရာ သက်မွေးပညာသင်တန်းများ ဖွင့်လှစ်ပို့ချနေမှု၊ မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ် ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) အသိအမှတ်ပြုလက်မှတ်ရရှိထားမှုနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဒုတိယဝန်ကြီးက အရည်အသွေးပြည့်မီသော သင်တန်းများဖြစ်စေရေး၊ ကျွမ်းကျင်လုပ်သားများ ပိုမိုမွေးထုတ်ပေးနိုင်ရေးနှင့် သင်တန်းဆင်းများကို အမျိုးသားအဆင့် ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးနိုင်ရေးဦးစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ရန်မှာကြား၍ သင်တန်းဖွင့်လှစ်ပို့ချနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်