Skip to main content

နေပြည်တော် လယ်ဝေးမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ ၁၇

နေပြည်တော်၊ လယ်ဝေးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော်ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီ က လယ်ဝေးမြို့၊ ပေါက်မြိုင်ပရိယတ္တိစာသင်တိုက်၊ ရွှေကျောင်းဆောင်၌ ကျင်းပသည်။

အခမ်းအနားသို့ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ နေပြည်တော်၊ လယ်ဝေးမြို့၊ ပေါက်မြိုင်ပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ အဘိဓဇမဟာရ ဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒအမှူးပြုသော ဆရာတော်ကြီး ၅ ပါး ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ အမြဲတမ်းအတွင်းဝန်၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။

ရှေးဦးစွာ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ နေပြည်တော်၊ လယ်ဝေးမြို့၊ ပေါက်မြိုင်ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဇနိန္ဒထံမှ  ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို အမှူးပြုသော ဌာနဆိုင်ရာအကြီးအကဲများက ငါးပါးသီလခံယူကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းကာ ရေစက်သွန်းလောင်း အမျှပေးဝေသည်။

ယနေ့ နေပြည်တော်၊ လယ်ဝေးမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း ၉ ကျောင်း၊ သီလရှင်ကျောင်း ၄ ကျောင်းတို့တွင် သီတင်းသုံးတော်မူကြသော ရဟန်း၊ သာမဏေ ၅၀၂ ပါး၊ သီလရှင် ၅၁၇ ပါးတို့အား စုစုပေါင်း ဆွမ်းတော် ၁၄၅ အိတ် ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)