Skip to main content

တရုတ်-အာဆီယံ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်းအသင်း ရွှေတံဆိပ်နှစ်ခု၊ ကြေးတံဆိပ်နှစ်ခု ဆွတ်ခူးရရှိ

ရန်ကုန် ဇွန် ၄

တရုတ် - အာဆီယံ ပိုက်ကျော်ခြင်းပြိုင်ပွဲ နောက်ဆုံးနေ့ကို ဇွန် ၄ ရက်က တရုတ်နိုင်ငံ၌ ဆက်လက်ကျင်းပရာ မြန်မာပိုက်ကျော်ခြင်းအသင်း ရွှေတံဆိပ်နှစ်ခု၊ ကြေးတံဆိပ်နှစ်ခု ဆွတ်ခူးရရှိခဲ့သည်။

ယင်းပြိုင်ပွဲကို ဇွန် ၁ ရက်မှ ၄ ရက် အထိ ကျင်းပခဲ့ပြီးပြိုင်ပွဲအမျိုးအစား လေးမျိုးထည့်သွင်းကျင်းပရာ မြန်မာပိုက်ကျော်ခြင်းအသင်းသည် ယင်းလေးမျိုးစလုံးဆုတံဆိပ် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာပိုက်ကျော်ခြင်းအသင်းသည် အမျိုးသားသုံးယောက်တွဲပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု၊ အမျိုးသားလေးယောက်တွဲပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု၊ အမျိုးသမီးသုံးယောက်တွဲပြိုင်ပွဲတွင် ကြေးတံဆိပ်ဆု၊ အမျိုးသမီးလေးယောက်တွဲ ပြိုင်ပွဲတွင်ကြေးတံဆိပ်ဆုရရှိခဲ့ခြင်း ဖြစ်သည်။

အမျိုးသားသုံးယောက်တွဲပြိုင်ပွဲတွင် မြန်မာအသင်းကရွှေတံဆိပ်ဆု ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး အုပ်စုအဆင့်တွင် အိမ်ရှင်တရုတ်အသင်းကို နှစ်ပွဲပြတ်၊ မလေးရှားအသင်းကို နှစ်ပွဲပြတ်အနိုင် ရရှိကာ အုပ်စုပထမဖြင့် ဆီမီးဖိုင်နယ်တက်ရောက်နိုင်ခဲ့သည်။ ဆီမီးဖိုင်နယ်တွင် လာအိုအသင်းကို နှစ်ပွဲပြတ်အနိုင်ရပြီး ဗိုလ်လုပွဲတွင် မလေးရှားအသင်းနှင့် ပြန်လည်တွေ့ဆုံရာ ၂-၁ ပွဲဖြင့် ထပ်မံအနိုင်ယူပြီး ရွှေတံဆိပ်ဆုရခဲ့ခြင်းဖြစ်သည်။လေးယောက်တွဲ အမျိုးသားပြိုင်ပွဲတွင် မြန်မာအသင်းသည် အုပ်စုပွဲစဉ်၌ မလေးရှားအသင်းကို နှစ်ပွဲပြတ်၊ ဗီယက်နမ်အသင်းကို ၂-၁ ပွဲဖြင့် အနိုင်ရရှိကာ ဆီမီးဖိုင်နယ် တက်ရောက်ခဲ့သည်။ ဆီမီးဖိုင်နယ် တွင်အိမ်ရှင် တရုတ်အသင်းကို ၁၅-၁၁ မှတ်၊ ၁၅-၅ မှတ်ဖြင့် နှစ်ပွဲ ပြတ်အနိုင်ရရှိပြီးဗိုလ်လုပွဲတွင် ဗီယက်နမ်အသင်းနှင့်ပြန်လည် တွေ့ဆုံခဲ့သည်။ ဗိုလ်လုပွဲတွင် မြန်မာအသင်းသည် ပထမပွဲငယ်တွင် ၁၃-၁၅ မှတ်ဖြင့် အရေးနိမ့်သော် လည်း ဒုတိယပွဲငယ်တွင် ၁၅-၁၂ မှတ်၊ တတိယပွဲငယ်တွင် ၁၅-၁၀ မှတ်ဖြင့် ပြန်လည်အနိုင်ရရှိကာရွှေတံဆိပ်ဆုရရှိခဲ့ခြင်းဖြစ်သည်။

အလင်းအိမ်

ဓာတ်ပုံ - MSTAF