Skip to main content

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး ပညာသင်ထောက်ပံ့ငွေပေးအပ်

နေပြည်တော် ဇွန် ၂

၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားကြမည့် ကော်မရှင်ရုံးအဖွဲ့၊ ဦးစီးဌာနများနှင့် ကော်မရှင်ရုံးခွဲများမှ ဝန်ထမ်းများ၏ သားသမီး ကျောင်းသား ကျောင်းသူများအား ပညာသင်ထောက်ပံ့ပေးအပ်ပွဲနှင့် ဝန်ထမ်းများ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး စုပေါင်းခန်းမ၌ ကျင်းပသည်။

လက်ခံရယူ

အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ ကော်မရှင်အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးအမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် ကျောင်းသား မိဘများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး ပညာသင်ထောက်ပံ့ ငွေများပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

ထို့နောက် “မိဘနှင့်သားသမီး၊ ဆရာနှင့်တပည့် လစဉ်စောင့်ရှောက်ထောက်ပံ့ကူညီမှု အစီအစဉ်အရ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ လစဉ်ထောက်ပံ့မှုဖြင့် ဇွန်လအတွက် အမှုထမ်းများအတွက် ထောက်ပံ့ပစ္စည်းများကို ကော်မရှင်အတွင်းရေးမှူးက ပေးအပ်ကာ ကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်စကားပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ထောက်ပံ့ပေးအပ်

ကော်မရှင်အနေဖြင့် မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်အဆင့် ကျောင်းသား ကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ငွေများကို နှစ်စဉ်ထောက်ပံ့ပေးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းသား ကျောင်းသူ ၂၃၄ ဦး အတွက် တစ်ဦးလျှင် ငွေကျပ် ၁၀၀၀၀ နှုန်းဖြင့် ငွေကျပ် ၂၃၄၀၀၀၀ ကိုလည်းကောင်း၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းသား ကျောင်းသူ ၂၃၈ ဦး အတွက် တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ငွေကျပ် ၇၁၄၀၀၀၀ ကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်