မန္တလေး ဇွန် ၂
၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွက် တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းမှ စတင်၍ဖွင့်လှစ်ခဲ့ရာ မန္တလေးမြို့ရှိ အခြေခံပညာကျောင်းများတွင်လည်း ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် ကျောင်းတက်၍ ပညာသင်ကြားလျက်ရှိကြသည်။
ယနေ့ကျောင်းသို့ လာရောက်၍ ပညာသင်ကြားကြသည့် ကျောင်းသား ကျောင်းသူများအား တာဝန်ကျ ဆရာ ဆရာမများက ကျောင်းဝင်ပေါက်အသီးသီး၌ အတန်းစဉ်အလိုက် စည်းကမ်းတကျ သွားရောက်နိုင်ရေး စီမံဆောင်ရွက်ပေးသည်။
အမှတ်(၁၆) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဒေါက်တာသန်းထိုက်စိုးက “ဒီနေ့ကတော့ အခြေခံပညာကျောင်းတွေ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေနဲ့ ပုဂ္ဂလိကကျောင်းတွေ ဖွင့်လှစ်တာဖြစ်ပါတယ်။ နောက်ပြီး ကျွန်တော်တို့ကျောင်းက ငလျင်ဒဏ်အန္တရာယ်ကင်းတဲ့ အဆင့်ဖြစ်အောင် ရာနှုန်းပြည့်ဆောင်ရွက်ထားတဲ့အတွက် မိဘတွေကလည်း အားတက်သရောလာထားကြပါတယ်။ လက်ရှိအနေနဲ့ ကျောင်းသား ကျောင်းသူ ၃၃၀၀ လောက်ရှိနေပြီဖြစ်ပါ တယ်။ ကျောင်းသား ကျောင်းသူတွေ ကျောင်းတက်ကျောင်းဆင်းချိန်မှာလည်း ယာဉ်အန္တရာယ်ကင်းအောင် နေ့စဉ်ဆောင်ရွက်ထားရှိပါတယ်။ နောက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့အပါအဝင် ပူးပေါင်းအဖွဲ့တွေကလည်း ကျောင်းသား ကျောင်းသူတွေ ဘေးအန္တရာယ်ကင်းရှင်းစေဖို့ လာရောက်ဆောင်ရွက်ပေးနေကြပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် နယ်ဝေးရောက်နေပြီး ကျောင်းမအပ်ရသေးတဲ့ သူတွေအတွက်လည်း ဇွန်လတစ်လလုံး ကျောင်းအပ်လက်ခံပေးသွားမှာဖြစ်တဲ့အတွက် ကျောင်းလာရောက်အပ်နှံဖို့ ပြောကြားလိုပါတယ်” ဟု ပြောသည်။
ထို့ပြင် မေ ၂၂ ရက် မှ ဇွန် ၁ ရက်အထိ ဆောင်ရွက်ခဲ့သည့် ကျောင်းအပ်နှံရေးရက်သတ္တပတ်၌ ကျောင်းအပ်လက်ခံခဲ့ရာတွင်လည်း ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းလခ၊ မိဘဆရာအသင်းကြေး၊ အားကစားကြေး၊ စာရေးကိရိယာကြေးနှင့် စာကြည့်တိုက်ကြေးအပါအဝင် မည်သည့်အခကြေးငွေကိုမျှကောက်ခံခြင်း မပြုကြောင်းကိုလည်း ဗွီနိုင်းပိုစတာများဖြင့် အသိပေးကြေညာထားသည်။
ကျောင်းသားမိဘ တစ်ဦးကလည်း “ကျွန်မကလေးတွေကတော့ ဒီနှစ်မှာ Grade-1 နဲ့ Grade-7 မှာ ပညာသင်ကြားမှာဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ကလေးတွေကို ပေးနိုင်တာကတော့ ပညာအမွေပဲဖြစ်ပါတယ်။ ကျွန်မကဝန်ထမ်းဖြစ်တဲ့အတွက် ဘယ်နေရာမှာ တာဝန်ကျကျကျောင်းကို ရောက်အောင်ပို့ပြီး ပညာသင်ကြားစေပါတယ်။ သဘာဝဘေးအန္တရာယ်ဆိုတာကလည်း အချိန်မရွေးကျရောက်နိုင်တာဆိုတော့ ကိုယ့်ကလေးတွေကိုလည်း ဒီလိုအန္တရာယ်မျိုးကျရောက်လာရင် ဘယ်လိုနေထိုင်ပြုမူရမယ်ဆိုတာကို သင်ပေးထားပါတယ်။ အကယ်၍ ကျောင်းတက်နေရင်း ကြုံလာရင်လည်း ဆရာ ဆရာမတွေရဲ့ ပြောစကားကိုနားထောင်ပြီး ဘေးအန္တရာယ်တွေကို ရင်ဆိုင်ပါလို့ သွန်သင်ဆုံးမထားပါတယ်။ မိဘတိုင်းအတွက်ကတော့ ကိုယ့်သားသမီးဟာ အဖိုးထိုက်တန်တဲ့ ရတနာတစ်ပါးလိုပါပဲ။ ဒါကြောင့် မိမိတို့အနေနဲ့ ဘယ်လိုအခြေအနေမျိုးပဲ ရောက်ပါစေ မိမိတို့သားသမီးတွေကိုတော့ ကျောင်းကိုရောက်အောင်ပို့ပြီး သူတို့ဘဝအနာဂတ်လှပဖို့ ပညာသင်ကြားစေလိုပါတယ်”ဟု ပြောသည်။
Grade-7 သို့တက်ရောက်မည့် ကျောင်းသူ မအမရာဦးက “အခုလို ကျောင်းတွေပြန်ဖွင့်ပြီဆိုတော့ သူငယ်ချင်းတွေနဲ့ ပြန်လည်တွေ့ဆုံပြီး ကျောင်းစာတွေ သင်ကြားမှာဖြစ်တဲ့အတွက် ပျော်ရွှင်မိပါတယ်။ နောက်ပြီး ဆရာ ဆရာမတွေ သင်ကြားပေးမယ့် ကျောင်းသင်ခန်းစာတွေကိုလည်း ကြိုးစားပြီး သင်ယူမယ်လို့ဆုံးဖြတ်ထားပါတယ်။ သမီးအနေနဲ့ Grade-12 ကို အမှတ်ကောင်းကောင်းနဲ့ အောင်မြင်နိုင်ဖို့ အခုကတည်းက ကြိုးစားသွားမှာဖြစ်ပါတယ်။ ဆရာဝန်တစ်ယောက်ဖြစ်အောင် ကြိုးစားပြီး နိုင်ငံ့တာဝန်တွေကို တတ်နိုင်တဲ့ဘက်က ထမ်းဆောင်သွားမှာဖြစ်ပါ တယ်” ဟု ပြောသည်။
ကျောင်းလာတက်ကြသည့် ကျောင်းသား ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းစေပြီး လုံခြုံစိတ်ချစွာဖြင့် ပညာသင်ကြားနိုင်ရန်အတွက်လည်း မန္တလေးမြို့ရှိ အဓိကလမ်းမကြီးများနှင့် နီးစပ်သည့် ကျောင်းများ၌ မြန်မာနိုင်ငံယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးလျက်ရှိသည့်အပြင် သက်ဆိုင်ရာမြို့နယ်များအလိုက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ကျောင်းတွင်း၊ ကျောင်းပြင်လုံခြုံရေး ဆောင်ရွက်ပေးလျက်ရှိသည်ကိုလည်း တွေ့မြင်ရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း ယခင်နှစ် ပညာသင်နှစ်တွင် အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းပေါင်း ၃၅၂၉ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းပေါင်း ၂၆၈ ကျောင်း၊ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်း ၂၄၆ ကျောင်း စုစုပေါင်း ၄၀၄၃ ကျောင်းဖွင့်လှစ်၍ ကျောင်းသား ကျောင်းသူဦးရေ ၁၀၂၃၂၉၀ တက်ရောက်ပညာသင်ကြားခဲ့ပြီး ယခု ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ယခင်ပညာသင်နှစ်က ထက်အခြေခံပညာကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်း၊ ကိုယ်ပိုင်ကျောင်းများ အားလုံးနီးပါး ဖွင့်လှစ်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ယနေ့တွင် ကျောင်းများစတင်ဖွင့်လှစ်၍ ကျောင်းသား ကျောင်းသူများအား အတန်းစဉ်အလိုက် သင်ရိုးညွှန်းတမ်းနှင့်အညီ သင်ခန်းစာများကို သင်ကြားပေးနေပြီဖြစ်ကြောင်း သိရသည်။
မောင်အေးချမ်း