Skip to main content

ယာယီပစ်ခတ်တိုက်ခိုက်မှုတိုးမြှင့်ရပ်စဲ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးပါဝင်

အင်အားပြင်းမန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ငလျင်ဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်စေရန်ရည်ရွယ်ပြီး တပ်မတော်အနေဖြင့် ၂၀၂၅ ခုနှစ် မေလ ၆ ရက်နေ့မှ ၃၁ ရက်နေ့အထိကာလကို ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ ဆက်လက်၍ လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို ဇွန်လ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ ထပ်မံတိုးမြှင့်သတ်မှတ်လိုက်ကြောင်း သိရသည်။

နိုင်ငံတော်အစိုးရသည် ငလျင်ဒဏ်သင့်ဒေသများ၌ ထိခိုက်ပျက်စီးခဲ့ရသည့် အစိုးရရုံးဌာနများ၊ ပြည်သူများ၏အိုးအိမ်နှင့် လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ ပြန်လည်တည်ဆောက်ခြင်း လုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက်ဆက်လက်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာကလည်း အကူအညီများ ဆက်လက်ပေးပို့လျက်ရှိသည်။ အလားတူနိုင်ငံတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ယခုနှစ်အတွင်း မဖြစ်မနေကျင်းပပေးနိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ ရွေးကောက်ပွဲကျင်းပချိန်၌ တစ်နိုင်ငံလုံးရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူအားလုံးမဲပေးနိုင်ရေး ဒေသအလိုက် တည်ငြိမ်အေးချမ်းမှုရှိရန် လိုအပ်သည်။

ထို့ကြောင့် နိုင်ငံတော်ရှိ ငလျင်ဒဏ်သင့်ဒေသများ၌ ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်နိုင်စေရေး၊ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ နိုင်ငံတော်နှင့် နိုင်ငံသားများအားလုံး၏ အကျိုးစီးပွားကို ပိုမိုလျင်မြန်စွာဖော်ဆောင်နိုင်စေရေး၊ ရေရှည်တည်တံ့ပြီး စစ်မှန်သည့် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်စေရေးတို့အတွက် တည်ငြိမ်အေးချမ်းမှုကို ရှေးရှုပြီး တပ်မတော်အနေဖြင့် ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို ထပ်မံတိုးမြှင့် ထုတ်ပြန်လိုက်ခြင်းသည် နိုင်ငံတော်နှင့်ပြည်သူများ၏ အကျိုးစီးပွားကို ရည်ရွယ်ခြင်းဖြစ်၍ လျော်ကန်သင့်မြတ်ကောင်းမွန်သော ဆောင်ရွက်ချက်ဖြစ်သည်။

ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ထုတ်ပြန်ကြေညာထားသည့် ကာလတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အခြားလက်နက်ကိုင်အဖွဲ့များအနေဖြင့် အဆိုပါအချက်များကို အလေးထားဆောင်ရွက်ရန်လိုအပ်သည်။ အဆိုပါလက်နက်ကိုင်အဖွဲ့များအနေဖြင့် အများပြည်သူသွားလာအသုံးပြုလျက်ရှိသည့် ဆက်သွယ်ရေးလမ်းကြောင်းများအား နှောင့်ယှက်တိုက်ခိုက်ခြင်းနှင့် ထိခိုက်ပျက်စီးစေခြင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ထိခိုက်ပျက်စီးစေခြင်း၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတာဝန်များ ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တပ်စခန်းများကိုတိုက်ခိုက်ခြင်း၊ တပ်ဌာနချုပ်များကို နှောင့်ယှက်တိုက်ခိုက်ခြင်း၊ ငြိမ်းချမ်းရေးကို ထိခိုက်ပျက်စီးစေမည့် အင်အားစုဆောင်းခြင်းများ၊ ပြင်ဆင်စုဖွဲ့ခြင်းနှင့် နယ်မြေချဲ့ထွင်ခြင်းများကို မပြုလုပ်ရန် လိုအပ်မည်ဖြစ်သည်။

လက်နက်ကိုင်ပဋိပက္ခများ တစ်ဖက်နှင့်တစ်ဖက် ဖြစ်ပွားသည့်အခါတွင် တစ်ဖက်ဖက်က ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ထုတ်ပြန်အသိပေးကြေညာသည့်အခါတွင် နှစ်ဖက်စလုံးက အလေးထားလိုက်နာဆောင်ရွက်ကြလေ့ရှိသည်။ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲခြင်းသည် စစ်ပွဲများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ဥပဒေဓလေ့ထုံးတမ်းစဉ်လာဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေသလည်းဖြစ်သည်။ အရပ်သားများကို အကာအကွယ်ပေးရန်အတွက် ကျင့်ထုံးနှင့် တာဝန်ဟုလည်းဆိုနိုင်သည်။ တပ်မတော်က ယခုကဲ့သို့ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲလိုက်ခြင်းသည် လက်ရှိကာလ၌ အများပြည်သူအကျိုးကို ထိရောက်စွာဆောင်ရွက်နိုင်ရန် နိုင်ငံတော်နှင့် ပြည်သူကိုအကာအကွယ်ပေးနိုင်ရေး ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ အသိပေးထုတ်ပြန်ထားသည့်အချိန်တွင် လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ထုတ်ပြန်ထားသည့်အချက်ကို မျက်ကွယ်ပြုပြီး စစ်ရေးဆိုင်ရာ မည်သည့်လှုပ်ရှားဆောင်ရွက်မှုကိုမျှ မပြုလုပ်ရန်လိုသည်။ အကယ်၍ စစ်ရေးဆိုင်ရာလှုပ်ရှားဆောင်ရွက်မှုများ ပြုလုပ်လာပါက တပ်မတော်အနေဖြင့် ပြည်သူလူထုကို ကာကွယ်သောအားဖြင့် လိုအပ်သည့် အရေးယူတုံ့ပြန်မှုများ ဆောင်ရွက်သွားမည်သာဖြစ်သည်။ လက်ရှိကာလ၌ တပ်မတော်အနေဖြင့် ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို အသိပေးထုတ်ပြန်ထားချိန်တွင် အချို့လက်နက်ကိုင်အဖွဲ့များအနေဖြင့် ချိုးဖောက်ကျူးလွန်မှုများ ပြုလုပ်ကြသည်ကို တွေ့ရသည်။ ထိုသို့ ပြုလုပ်မှုများကိုသာ တပ်မတော်က အရေးယူတုံ့ပြန်ဆောင်ရွက်ခဲ့သည်။

သို့ဖြစ်ရာ လက်ရှိကာလ မြန်မာနိုင်ငံ၌ လက်နက်ကိုင်ပဋိပက္ခများဖြစ်ပေါ်လျက်ရှိရာ တပ်မတော်အနေဖြင့် နိုင်ငံတော်နှင့်နိုင်ငံသားများအားလုံး၏ အကျိုးစီးပွားများကို ပိုမိုလျင်မြန်စွာဖော်ဆောင်နိုင်စေရေး၊ ရေရှည်တည်တံ့ပြီး စစ်မှန်သည့် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်စေရေးတို့အတွက် တည်ငြိမ်အေးချမ်းမှုကို ရှေးရှုပြီး ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလ ထပ်မံတိုးမြှင့်သတ်မှတ်လိုက်သည်ကို လက်နက်ကိုင်အဖွဲ့များအားလုံးအနေဖြင့် အလေးထားပါဝင်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း။ ။