Skip to main content

ပျူခေတ်ရွှေစေတီတော်နှင့် ဆက်စပ်ရှေးဟောင်းဝတ္ထုပစ္စည်းများ အပ်နှံခြင်းအတွက် ဆုကြေးငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်

နေပြည်တော် အောက်တိုဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ဟန်လင်းကျေးရွာနေ ဦးမျိုးဝင်း၊ ဦးမြင့်မောင်၊ ဦးအောင်မြင့်၊ ဦးဇော်နှင့် ဦးကြက်တောတို့သည် ယာမြေရှင်းလင်းရာမှ တွေ့ရှိရသည့် ရွှေဖြင့်ပြုလုပ်ထားသည့် ခေါင်းလောင်းပုံစေတီ အစိတ်အပိုင်းတစ်ခုနှင့် ထီးတော်တစ်ခု၊ ငွေဖြင့်ပြုလုပ်ထားသည့် စေတီတော်ပစ္စယာတစ်ခု၊ စေတီတော်အောက်ခံပြားတစ်ခု၊ ငွေနန်းကြိုးအပိုင်းအစ (၃)ခု၊ ငွေပြားအပိုင်းအစ (၂)ခုတို့ကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးသို့ လာရောက်အပ်နှံခဲ့သဖြင့် ဆုကြေးငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီတွင် ကမ္ဘာ့အမွေအနှစ်မြို့ဟောင်းရှိ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ဟန်လင်းဌာနစု အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ယခုကဲ့သို့ ပျူခေတ်ရွှေစေတီငယ်နှင့် ဆက်စပ်ရှေးဟောင်း ဝတ္ထုပစ္စည်းများကို တာဝန်သိစွာဖြင့် လာရောက် အပ်နှံခဲ့ခြင်းအတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းခြင်း လုပ်ငန်းတွင် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုသည် အရေးကြီးပါကြောင်း၊ ယခုလဆန်းပိုင်းကလည်း စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ ခုံကြီးကျေးရွာအုပ်စု၊ ပါဟဲ(မြောက်)ရွာနေ ဦးဘိုမြင့် အပါအဝင် (၆)ဦးတို့က မိမိတို့ ကျေးရွာအနောက်ဘက်ရှိ ကျေးရွာချင်းဆက်လမ်းခင်းရန် စက်ယန္တရားဖြင့် တူးဖော်ထားသော မြေစာပုံအတွင်းမှ ကြေးခေတ်၊ သံခေတ်၊ ရှေးဟောင်းဝတ္ထု ပစ္စည်းများဖြစ်သည့် သံလှံသွား၊ သံလက်နက်၊ သံပုဆိန်သွား၊ ကျောက်ပုတီးစေ့၊ သံတူရွင်း၊ သံဓားနှင့် ကြေးပုဆိန်သွားများ စုစုပေါင်း ပစ္စည်း(၂၅)မျိုးကို လာရောက်အပ်နှံခဲ့သဖြင့် ဆုကြေးငွေကျပ် ၉၉၇၄၇၉ ကို ချီးမြှင့်ပေးအပ်ခဲ့ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ဝန်ကြီးချုပ်က ဆုကြေးငွေကျပ် ၁၁၉၀၂၉၇ဝ ကို ပျူခေတ်ရွှေစေတီငယ်နှင့် ဆက်စပ် ရှေးဟောင်းဝတ္ထုပစ္စည်းများ တွေ့ရှိအပ်နှံသူ (၅)ဦးနှင့် ယာခင်းပိုင်ရှင်တို့အား ပေးအပ်ချီးမြှင့်ရာ ဆုကြေးငွေ ရရှိသူများ ကိုယ်စား  ရပ်မိရပ်ဖ ဦးခင်သောင်းက ဆုကြေးငွေချီးမြှင့်ခြင်းအတွက် ကျေးဇူးတင် စကား ပြန်လည်ပြောကြားသည်။

အဆိုပါ ရှေးဟောင်းဝတ္ထုပစ္စည်းများကို စက်တင်ဘာ ၂၀ ရက်က စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ထံသို့ အပ်နှံခဲ့ရာ ဝန်ကြီးချုပ်က ကြိုတင်ချီးမြှင့်ငွေကျပ် ၂၆ သိန်း ပေးအပ်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ လွှဲပြောင်းပေးပို့ခဲ့ရာ မူလရွှေထည်နှင့် ငွေထည်တန်ဖိုးအပြင် ခေတ်ကာလတန်ဖိုးနှင့် လက်ရာတန်ဖိုးများထပ်ဆောင်း၍ ဆုကြေးငွေကျပ် ၁၁၉၀၂၉၇ဝ ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ထိုက်တန်စွာ ချီးမြှင့် ပေးအပ်ခဲ့ခြင်းဖြစ်သည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသည် နိုင်ငံအနှံ့အပြားရှိ ရှေးဟောင်း­ဝတ္ထုပစ္စည်းများကို ရှေးဟောင်း­ဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကာကွယ်စုဆောင်း ထိန်းသိမ်းလျက်ရှိရာ ပြည်သူလူထု၏ ပူးပေါင်းကူညီဆောင်ရွက်မှုမှာ အရေးကြီးဆုံးကဏ္ဍမှ ပါဝင်လျက်ရှိသည်။ ထို့အပြင် ယခုတွေ့ရှိမှုသည် ကမ္ဘာ့အမွေအနှစ် ဟန်လင်းမြို့ဟောင်းတွင် ပထမဆုံး ပျူခေတ်စေတီငယ် တွေ့ရှိခြင်းဖြစ်၍ သမိုင်းတန်ဖိုးကြီးမားသော တွေ့ရှိမှု ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်