Skip to main content

အင်းယားစင်တာမှ ကိုဗစ်-၁၉ လူနာ ၁၀၁ ဦး သတ်မှတ်ချက်များနှင့်အညီ စင်တာမှဆင်းခွင့်ပြု

ရန်ကုန် အောက်တိုဘာ ၁၆

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ရန်ကုန်တိုင်းဒေသကြီး ကိုဗစ် ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ၏ အနီးကပ်ကြီးကြပ်ကွပ်ကဲမှုဖြင့် အောက်တိုဘာ ၁၆ ရက်တွင် အင်းယားစင်တာမှ လူနာ ၁၀၁ ဦး သတ်မှတ်ချက်များနှင့်အညီ စင်တာမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆင်းခွင့်ရရှိသူ ၁၀၁ ဦးကို အင်းယားစင်တာမှ တစ်ဦးလျှင် ငွေကျပ် ၅၀၀၀၀ ထပ်မံလှူဒါန်းလိုက်သည်။ ထို့အပြင် အင်ယားစင်တာတွင် နှလုံးသားဖြူစင်စွာဖြင့် တာဝန် ထမ်းဆောင်နေကြသော ဆရာဝန်များ၊ သူနာပြုများ၊ စေတနာ့ဝန်ထမ်းများ အပါအဝင် ကိုဗစ်-၁၉ အတည်ပြုလူနာများကို အဆိုတော် R ဇာနည်၊ မီမီဝင်းဖေ၊ ကော်နီ၊ တင်ဇာမော်၊ ချောစုခင်၊ ဆုန်သင်းပါရ် တို့က ချစ်ခင်ရင်းနှီးစွာ Clean Zone များမှတစ်ဆင့် အားပေးစကားပြောဆိုခဲ့ကြပြီး တေးသီချင်းများဖြင့် စိတ်ခွန်အားများ ဖြည့်ဆည်းပေးခဲ့ကြသည်။

“ဒီ အင်းယားစင်တာကြီးမှာ နေခဲ့ရတာ အစားကောင်း၊ အသောက်ကောင်းတွေလည်း စားရပါတယ်။ လိုလေသေးမရှိအောင်လည်း နေခဲ့ရပါတယ်။ စိတ်ချမ်းသာပြီးတော့ ကျန်းကျန်းမာမာလည်း ဖြစ်လာပါတယ်။ အိမ်ပြန်ရတော့မယ်၊ ကိုယ့်မိသားစုနဲ့ ပြန်တွေ့ရတော့မယ်ဆိုတော့ အတိုင်းမသိ ဝမ်းသာပါတယ်” ဟု နေအိမ်ပြန်ခွင့်ရသူ အမျိုးသမီးတစ်ဦးက ပြောသည်။

အင်းယားစင်တာကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့၏ လမ်းညွှန်မှုဖြင့် ကမ္ဘောဇဘဏ်နှင့် ကမ္ဘောဇညီနောင်ကုမ္ပဏီများက ငွေကျပ် သိန်း ၁၀၀၀၀ ကနဦး ဦးဆောင် မတည်ထားပြီး အောက်တိုဘာ ၁၀ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ကိုကျော်