နေပြည်တော် မေ ၃၀
ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုဖြင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနရှိ ဝန်ထမ်းများ ကျန်းမာကြံ့ခိုင်သောလူနေမှုဘဝရရှိစေရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီ တွင် နေပြည်တော် အားကစား လေ့ကျင့်ရေးစခန်း Gold Camp ရှိ Multipurpose Hall ၌ ကျင်းပသည်။
ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် က အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် ကျန်းမာကြံ့ခိုင်သော လူနေမှုဘဝ ရရှိစေရေးအတွက် ယခုလို အလုပ်ရုံဆွေးနွေးပွဲများ မဖြစ်မနေကျင်းပပေးရခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် BMI(Body Mass Index) ခန္ဓာကိုယ်အလေးချိန် ညွှန်းကိန်းညီမျှရန်လိုအပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် လျှော့(၃)လျှော့ဖြစ်သော အဆီ၊ အဆိမ့်၊ အချို လျှော့စားစေလိုကြောင်း၊ ဖြတ်(၃)ဖြတ်ဖြစ်သော ဆေးလိပ်၊ ကွမ်းယာ၊ အရက် ဖြတ်စေလိုကြောင်းနှင့် ဆောင်(၃)ဆောင်ဖြစ်သော ရုပ်၊ စိတ်၊ အာဟာရပြည့်ဝစေလိုကြောင်း ပြောကြားသည်။
ဆက်လက်ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားဆေးဘက်ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာစိုးမင်းဦးက အဝလွန်ခြင်း၏ ကျန်းမာရေးဆိုးကျိုးများ၊ ခန္ဓာကိုယ်အတွက် လိုအပ်သည့် အာဟာရဓာတ်မျှတသော အစားအသောက်ပုံစံများ၊ ဆေးသုတေသနဦးစီးဌာန အာဟာရပညာရှင် ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာကြေးမုံထွေးက အာဟာရဓာတ်မျှတသော အစားအစာများကို ကျန်းမာရေးနှင့် ညီညွတ်သော နေထိုင်မှုပုံစံဖြင့် စားသုံးနည်းပုံစံများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးပညာရှင် ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာရဲဖြိုးက ဆေးလိပ်နှင့်ဆေးရွက်ကြီး ထွက်ပစ္စည်း သောက်သုံးမှုနှင့် အီလက်ထရွန်နစ် အငွေ့ရှူစက် (Vape)အန္တရာယ်များ၊ အားကစားနှင့် ကာယပညာဦးစီးဌာန အားကစားနှင့်ပညာရေး ပေါင်းစပ်ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးမြာက “ကြံ့ခိုင်ကျန်းမာနေ့ရက်များစွာ” စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးဖလှယ်ကြပြီး ဆွေးနွေးပေးခဲ့သည့် ပညာရှင်များကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အမှတ်တရလက်ဆောင်ပစ္စည်း များပေးအပ်၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
သတင်းစဉ်