မန္တလေး မေ ၃၀
ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန သားဖွားသင်တန်းကျောင်း (မန္တလေး) ဒသမအကြိမ်မြောက် ဘက်စုံ သားဖွားဒီပလိုမာ (၂) နှစ်သင်တန်းအောင်လက်မှတ် အပ်နှင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ အဆိုပါသင်တန်းကျောင်း၌ ကျင်းပသည်။
တက်ရောက်
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ သူနာပြုတက္ကသိုလ် (မန္တလေး) မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် ဌာနမှူးများ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဗဟိုအမျိုးသမီးဆေးရုံကြီး၊ ခုတင်(၅၅၀)ဆံ့ကလေးအထူးကုဆေးရုံကြီး၊ ခုတင် (၃၀၀)ဆံ့ သင်ကြားရေးဆေးရုံကြီးနှင့် အရိုးရောဂါ အထူးကုဆေးရုံကြီးတို့မှ ဆေးရုံအုပ်ကြီးများ၊ သူနာပြုအုပ်များ၊ သူနာပြုဆရာမကြီးများ၊ သူနာပြုသင်တန်းကျောင်းနှင့် သားဖွားသင်တန်းကျောင်းတို့ မှ ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများ၊ သင်တန်းသူများနှင့် မိဘဆွေမျိုးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော်က ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးနှင့် အရည်အသွေးပြည့်ဝသော သားဖွားဆရာမများ မွေးထုတ်ပေးနိုင်ရေး အလေးထား စီမံဆောင်ရွက်ပေးနေပါကြောင်း၊ စာနာမှုနှင့် ကရုဏာ တရားအပြည့်ထားကာ ကျွမ်းကျင်ပိုင်နိုင်စွာပြုစုပေးနိုင်သည့် ပြည်သူလူထုက အားကိုးယုံကြည်ထိုက်သော အရည်အသွေး၊ အရည်အချင်းရှိသော နိုင်ငံ့ဝန်ထမ်း ဘက်စုံသားဖွားဆရာမကောင်းများ ဖြစ်အောင် အစဉ်တစိုက် ကြိုးစားနေကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် သားဖွားသင်တန်းကျောင်း (မန္တလေး)မှ ကျောင်းအုပ်ကြီး ဒေါ်ခင်ချိုမြင့်က သင်တန်းဆင်းအမှာစကားနှင့် သင်တန်းသူ တစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။
မွန်းလွဲပိုင်းတွင် အခမ်းအနားကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပခဲ့ကြကြောင်းနှင့် ဒသမအကြိမ်မြောက် ဘက်စုံသားဖွားဒီပလိုမာ (၂) နှစ် သင်တန်းတွင် ဒီပလိုမာအောင်လက်မှတ်ရရှိကြသည့် သင်တန်းသူ ၁၁၃ ဦးကို အောင်လက်မှတ်များအပ်နှင်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်