Skip to main content

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများ၏ သားသမီးများအား ပညာသင်ထောက်ပံ့ကြေးများနှင့် ကျောင်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် မေ ၃၀

၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ပညာသင်ကြားမည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများ၏ ကျောင်းနေသားသမီး ကျောင်းသား ကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ရုံးအမှတ် (၁) နေပြည်တော်၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး ဒေါက်တာ ဝါဝါမောင်၊ ညွှန်ကြားရေးမှူးချုပ်များ ၊ အဆင့်မြင့်အရာရှိကြီးများ၊ အရာထမ်း၊ အမှုထမ်းများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယနေ့အခမ်း အနားသည် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် မိမိ တို့ဝန်ကြီးဌာနက မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်ဝင်တန်းတို့တွင် ပညာသင်ကြားမည့် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၂၂၅ ဦးအား ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးပစ္စည်းများပေးအပ်သည့် အခမ်းအနားဖြစ်ကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့် ကြိုးကြိုးစားစားနှင့် ပညာရေးကို ထူးထူးချွန်ချွန်ဖြစ်အောင် သင်ကြားပြီး ထူးချွန်ထက်မြက်သူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်းနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအရေးကြီးသော ကျောင်းသား ကျောင်းသူလူငယ်များ၏ ပညာရေးကို အစွမ်းကုန်အလေးပေး ကူညီဆောင်ရွက်ခြင်းဖြင့် နိုင်ငံနှင့် လူမျိုးအပေါ် သစ္စာစောင့်သိတတ်စေရန်၊ လူချွန်လူကောင်း လူတော်များ၊ အကျင့်စာရိတ္တကောင်းမွန်၍ ပြည်သူ့ နီတိကိုလိုက်နာတတ်သည့် အနာဂတ်မျိုးဆက်များဖြစ်ပေါ်လာစေရေး၊ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်သော အနာဂတ်မျိုးဆက်များဖြစ်အောင် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားကြရန် ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ပညာသင်ကြားမည့် တက္ကလိုလ်ဝင်တန်းနှင့် အထက်တန်းကျောင်းသား ကျောင်းသူများအား ပညာသင် ထောက်ပံ့ကြေးများပေးအပ်သည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်က အလယ်တန်း ကျောင်းသား ကျောင်းသူများအား ကျောင်းဝတ်စုံများကိုပေးအပ်ပြီး ညွှန်ကြားရေးမှူးချုပ်များက မူလတန်း ကျောင်းသား ကျောင်းသူ များအား ကျောင်းသုံးပစ္စည်းများကို ပေးအပ်ကြသည်။

ယနေ့ ကျင်းပသည့် အခမ်းအနားတွင် ဝန်ကြီး ဌာနတစ်ခုလုံးအတွက် ပညာသင်ထောက်ပံ့ကြေး ပေးအပ်မှုမှာ မူလတန်း ကျောင်းသားကျောင်းသူ ၁၃၇ ဦး၊ အလယ်တန်း ၅၆ ဦး၊ အထက်တန်း ၂၆ ဦး၊ တက္ကသိုလ်ဝင်တန်း ခြောက်ဦး စုစုပေါင်းကျောင်းသား ကျောင်းသူ ၂၂၅ ဦး ရှိကာ ကျောင်းသား ကျောင်းသူများအား ကျောင်းဝတ်စုံ၊ ကျောင်းသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေအဖြစ် မူလတန်းတစ်ဦးလျှင် ငွေကျပ် ၄၀၀၀၀ အလယ်တန်းတစ်ဦးလျှင် ငွေကျပ် ၆၀၀၀၀၊ အထက်တန်းနှင့် တက္ကသိုလ်ဝင်တန်းများအတွက် တစ်ဦးလျှင် ငွေကျပ် ၈၀၀၀၀ ဖြင့် ထောက်ပံ့မှုမှာ ပစ္စည်းနှင့် ငွေသားတန်ဖိုး စုစုပေါင်းငွေကျပ် ၂၀၇၇၈၆၀၀ ထောက်ပံ့ပေးကြောင်း သိရသည်။

သတင်းစဉ်