ရန်ကုန် အောက်တိုဘာ ၁၆
စင်ကာပူနိုင်ငံ အစိုးရနှင့် ပြည်သူများက မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် ကိုဗစ်-၁၉ ရောဂါ စမ်းသပ်ကိရိယာများနှင့် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းသည့် အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပြုလုပ်သည်။
အဆိုပါ အထောက်အကူပြုပစ္စည်းများ တင်ဆောင်လာသည့် လေယာဉ်သည် ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံသံရုံးတို့မှ တာဝန်ရှိသူများက ကြိုဆိုကြသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံ သံအမတ်ကြီး Ms. Chan Yuen Ying Vanessa Elisabeth က Covid-19 RT-PCR Tests အခုရေ ၂၅၀၀၀၊ နှာခေါင်းစည်း(Mask) အခု တစ်သန်း၊ လက်သန့်ဆေးရည်ပုလင်း ၂၀၀၀၀၀ တို့ကို လွှဲပြောင်းပေးအပ်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဆေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းက လက်ခံရယူသည်။
ယနေ့လှူဒါန်းမှုနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံ သံအမတ်ကြီး Ms. Chan Yuen Ying Vanessa Elisabeth က “စင်ကာပူနိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်းဖြစ်ပွားနေတာကို သတိပြုမိပါတယ်။ ဒါ့ကြောင့် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်တုန်းက ကမ်းလှမ်းမှုတွေပြုလုပ်ခဲ့ပြီး အခုလိုထောက်ပံ့လှူဒါန်းရခြင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အစောပိုင်းကာလမှာလည်း နှာခေါင်းစည်းတွေ လှူဒါန်းခဲ့ပါသေးတယ်။ အခုလိုဆောင်ရွက်မှုတွေဟာ စင်ကာပူနိုင်ငံရဲ့ မြန်မာနိုင်ငံ အပေါ်ထားရှိတဲ့ ချစ်ကြည်ရင်းနှီးမှုတွေကို ပိုမိုထင်ဟပ်စေမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်