Skip to main content

အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေးလုပ်ငန်းကော်မတီ ဒသမအကြိမ်စည်းဝေး

နေပြည်တော် မေ ၃၀

အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေးလုပ်ငန်းကော်မတီ၏ (၁၀) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ (၁) ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဥက္ကဋ္ဌ(၂) ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ အမျိုးသားမြေဥပဒေမူကြမ်းရေးဆွဲရေးအဖွဲ့ဝင်များ၊ အထောက် အကူပြုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌများနှင့် ဥပဒေရေးဆွဲရေး အဖွဲ့ငယ်အဖွဲ့ခေါင်းဆောင်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ (၁) နှင့် ဥက္ကဋ္ဌ (၂) တို့က အမျိုးသားမြေဥပဒေမူကြမ်း အချောသပ်ပြင်ဆင်ဆောင်ရွက်ရေးကိစ္စရပ်များ ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို အသေးစိတ်ဆွေးနွေးညှိနှိုင်းကြရန်နှင့် အမျိုးသားမြေအသုံးချမှုကောင်စီသို့ တင်ပြမည့်ကိစ္စရပ်များကို ဆွေးနွေးပြောကြားကြသည်။

ဆက်လက်၍ လုပ်ငန်းကော်မတီအတွင်းရေးမှူးက ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြရာ အစည်းအဝေးတက်ရောက်လာကြသူများက လုပ်ငန်းကိစ္စရပ်တစ်ခုချင်းအပေါ် ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြပြီး မူကြမ်းအား ပဏာမအတည်ပြုခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်