နေပြည်တော် မေ ၃၀
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ငလျင်ဒဏ်သင့်ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ ယာယီပြောင်းရွှေ့နေထိုင်နိုင်ရန်အတွက် Container House များ တပ်ဆင်တည်ဆောက်နေမှုအခြေအနေနှင့် ငါးခန်းတွဲ ဝန်ထမ်းအိမ်ရာတည်ဆောက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်ရုံးအမှတ် (၃၁) သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရုံးဝင်းအတွင်းရှိ ဝန်ကြီးရုံး (သာသနာရေး)မှ အရာထမ်း၊ အမှုထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ ယာယီနေထိုင်ရန်အတွက် ပေ(၁၀ x ၂၀)အရွယ်အစားရှိ Container House များ တပ်ဆင်တည်ဆောက်နေမှု၊ Footing Block များ ဆောင်ရွက်ပြီးစီးမှု၊ အင်ကြင်းရိပ်သာတွင် 1 Unit ငါးလုံး၊ ရွှေတမာရိပ်သာတွင် 1 Unit ၁၁ လုံး နှင့် 2 Unit လေးလုံး၊ ရွှေညောင်ပင်ရိပ်သာတွင် 1 Unit အလုံး ၂၀ နှင့် 2 Unit လေးလုံး တပ်ဆင်တည်ဆောက်နေမှုအခြေအနေများ၊ ဝန်ထမ်းများအသုံးပြုရန်အတွက် ရေစုကန်တူးဖော်နေမှုနှင့် စက်ရေတွင်းတူးဖော်နေမှုအခြေအနေများ၊ ရေပိုက်လိုင်းနှင့် မီးလိုင်းများ သွယ်တန်းတပ်ဆင်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမျိုးသားစာကြည့်တိုက် (နေပြည်တော်) ဝင်းအတွင်းရှိ ငလျင်ဒဏ်သင့်ဝန်ထမ်းနှင့် မိသားစုဝင်များ ယာယီနေထိုင်နိုင်ရန်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ခွဲဝေချထားပေးသည့် အိပ်ခန်းတစ်ခန်းပါ Container House များ တပ်ဆင်နေရာချထားမှု၊ အမျိုးသားပြတိုက် (နေပြည်တော်) ဝင်းအတွင်းရှိ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဝန်ထမ်းနှင့် မိသားစုဝင်များ ယာယီနေထိုင်နိုင်ရန်အတွက် အိပ်ခန်းတစ်ခန်းပါ Container House များ တပ်ဆင်နေရာချထားမှု၊ ရုံးအမှတ် (၃၅) လေ့ကျင့်ရေးဇာတ်ရုံ ဝင်းအတွင်းရှိ အနုပညာဦးစီးဌာနမှ ငလျင်ဒဏ်သင့် ဝန်ထမ်းနှင့် မိသားစုဝင်များ ယာယီနေထိုင်နိုင်ရန်အတွက် အိပ်ခန်းတစ်ခန်းပါ Container House များ တပ်ဆင်နေရာချထားမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများ Container House တွင် အမြန်ဆုံးနေထိုင်နိုင်ရေးဆောင်ရွက်ရန်၊ လျှပ်စစ်မီးများသွယ်တန်းမှု၊ ရေလိုင်းများသွယ်တန်းမှုလုပ်ငန်းများကို အမြန်ဆုံးပြီးစီးအောင် တွန်းအားပေးဆောင်ရွက်ရန်၊ ကျန်းမာရေးနှင့်ညီညွတ်သောသောက်ရေ၊ သုံးရေများရရှိအောင် စီမံဆောင်ရွက်ရန်မှာကြားသည်။
ထို့နောက် အနုပညာဦးစီးဌာနမှ ငလျင်ဘေးသင့်ဝန်ထမ်းများ နေထိုင်နိုင်ရန် ငါးခန်းတွဲဝန်ထမ်းအိမ်ရာတည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်