Skip to main content

“ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း” သုံးသပ်ဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် မေ ၃၀

ပြန်ကြားရေးဝန်ကြီးဌာနနှင့်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့ကြီးမှူး၍ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank- MNTT) နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တို့ပူးပေါင်းကျင်းပသော “ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲကို ယနေ့တွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။

ဦးစွာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ငလျင်ဒဏ်ကူညီကယ်ဆယ်ရေးအတွက် နိုင်ငံအများအပြားက ကူညီကယ်ဆယ်ရေးအဖွဲ့များ မြန်မာနိုင်ငံကိုရောက်ရှိကြပြီး မြန်မာပြည်သူများနှင့် မြန်မာ့ရေမြေကို တိုက်ရိုက်ထိတွေ့ခွင့်ရရှိခဲ့ကြရာတွင် သက်ဆိုင်ရာနိုင်ငံအသီးသီးကို ပြန်ရောက်သည့်အချိန် မြန်မာ့စိတ်ရင်း၊ မြန်မာ့ရှုခင်းနှင့်ပတ်သက်သည့် သတင်းစကားများ သယ်ဆောင်သွားခဲ့ကြပါကြောင်း၊ မျက်မှောက်ကမ္ဘာ့အခြေအနေများလည်း ပြောင်းလဲလျက်ရှိရာတွင် မြန်မာနိုင်ငံအပေါ် တစ်ဖက်သတ်အမြင်နှင့် သဘောထားအမြင်များလည်း ပြောင်းလဲလာနေသည်ကိုတွေ့ရပါကြောင်း၊ ယင်းမှာ မိမိတို့အတွက် အရှုံးထဲကအမြတ်ပင်ဟု ဆိုရမည်ဖြစ်ပါကြောင်း၊ မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံသူနိုင်ငံသားတို့၏ စည်းလုံးညီညွတ်မှုနှင့် မြန်မာ့စံတန်ဖိုးများကို ဆက်လက်ထိန်းသိမ်းမြှင့်တင်၍ ငလျင်ဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးမှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအထိ အားသွန်ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။

ငလျင်လှုပ်ခတ်ပြီး နှစ်လကြာချိန်အထိ ထိခိုက်ဒဏ်ရာရသူများအနေဖြင့် နာကျင်မှုကို ဆက်လက်ခံစားနေကြရဆဲဖြစ်သော်လည်း မြန်မာတို့၏ ရဲစွမ်းသတ္တိ၊ အကောင်းမြင်စိတ်နှင့် စိတ်ဓာတ်ကြံ့ခိုင်မှုသည် အနာဂတ်အတွက် မျှော်လင့်ချက်များဖြစ်ပါကြောင်း၊ ငလျင်ဒဏ်သင့်ဒေသများတွင်ရှိသည့် ပြည်သူများအနေဖြင့်လည်း ဝမ်းနည်းပူဆွေးမှုများဖြင့် ပြည့်နှက်နေကြသော်လည်း အပြန်အလှန်ကူညီကယ်ဆယ်ရေးကို တက်တက်ကြွကြွ ကြိုးစားနေကြသည်ကိုလည်း တွေ့မြင်ကြရပါကြောင်း။

ငလျင်ဘေးအလွန် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးဆောင်ရွက်ရာတွင် နီပေါနိုင်ငံ၏အတွေ့အကြုံကိုလည်း လေ့လာမိသလောက်တင်ပြလိုပါကြောင်း၊ နီပေါနိုင်ငံတွင်လည်း ၂၀၁၅ ခုနှစ် ဧပြီ ၁၅ ရက်တွင် ပြင်းအား ၇ ဒသမ ၆ ရစ်(ခ်)တာ စကေးအဆင့်ရှိ ငလျင်ကြီးတစ်ခုလှုပ်ခတ်ခဲ့ပါကြောင်း၊ အဆိုပါ ငလျင်ကြီးကြောင့် ပြည်သူ ၈၇၉၀ သေဆုံးခဲ့ပြီး ၂၂၃၀၀ ဒဏ်ရာရရှိခဲ့ပါကြောင်း၊ ထို့ပြင် ပုဂ္ဂလိကနေအိမ်ပေါင်း ၄၉၈၈၅၂ လုံးနှင့် အစိုးရအဆောက်အအုံပေါင်း ၂၆၅၆ လုံး ပျက်စီးခဲ့သည်ဟု အစီရင်ခံစာထုတ်ပြန်ချက်များအရ သိရပါကြောင်း၊ ငလျင်အလွန် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးဆောင်ရွက်ရာတွင် ပြည်သူလူထုနှင့် အသိုက်အဝန်း၏ စွမ်းဆောင်ရည်မြင့်မားရေး၊ လူမှုသဟဇာတဖြစ်မှုမြှင့်တင်ရေး၊ သဘာဝပတ်ဝန်းကျင်ခံနိုင်ရည်ရှိမှုမြင့်မားရေး၊ ကုန်ထုတ်လုပ်မှုကဏ္ဍ ပြန်လည်တည်ဆောက်ရေး၊ ပြည်သူများ၏လူမှုဘဝနှင့် စီးပွားရေးအခွင့်အလမ်းများ မူလအနေအထားအတိုင်း ပြန်လည်ရောက်ရှိစေရေးစသည်ကို ပြန်လည်ထူထောင်ရေး မဟာဗျူဟာမျှော်မှန်းချက်အဖြစ် ချမှတ်ဆောင်ရွက်ခဲ့သည်ကို တွေ့ရပါကြောင်း။

ဂျပန်နိုင်ငံသည်လည်း စစ်ဘေး၊ နျူကလီးယားဗုံးဒဏ်နှင့် ဆူနာမီငလျင်ဒဏ် စသည်တို့ကို ကြုံတွေ့ရင်ဆိုင်ခဲ့ရသည့် နိုင်ငံဖြစ်ပါကြောင်း၊ သို့သော် ဂျပန်ပြည်သူများ၏ မခံချင်စိတ်၊ ကြိုးစားချင်စိတ်နှင့် ပြည်သူပြည်သားအားလုံး တစ်စိတ်တစ်ဝမ်းတည်း ရုန်းကန်ချီတက်ခဲ့ကြသည့်အတွက် ယနေ့ဂျပန်နိုင်ငံသည် ကမ္ဘာ့အလယ်တွင်ထည်ဝါစွာ ရပ်တည်နိုင်သည်ကို တွေ့ကြရမည်ဖြစ်ပါကြောင်း၊ ယနေ့မြန်မာနိုင်ငံသည်လည်း မန္တလေးငလျင်ကြီးဒဏ်ကြောင့် အခက်အခဲပေါင်းများစွာ ကြုံတွေ့ရင်ဆိုင် ဖြတ်သန်းနေကြရသော်လည်း ဆက်စပ်အခွင့်အလမ်းကောင်းများကို ဖန်တီးဆုပ်ကိုင်နိုင်မည်ဆိုပါက မူလအခြေအနေထက် ပိုမိုကောင်းမွန်သည့် အခြေအနေများကို ရရှိပိုင်ဆိုင်နိုင်ကြမည်ဖြစ်ပါကြောင်း။

မဲမှောင်နေသည့် မိုးသားတိမ်တိုက်တိုင်းတွင် ငွေရောင်အနားသတ်ရှိသည်ဆိုသည့် ဥပမာအတိုင်း မိမိတို့နိုင်ငံတွင် သဘာဝဘေးအန္တရာယ်ကြီးများဖြစ်ပေါ်တိုင်း အများအကျိုးဆောင်ခြင်း၊ ကိုယ်ကျိုးစွန့်လွှတ် အနစ်နာခံခြင်းစသည့် လူသားတို့၏ မွန်မြတ်သည့်စိတ်ထား၊ နှလုံးသားကို ထင်ထင်ရှားရှားထွက်ပေါ်လာခြင်းကို တွေ့မြင်ကြရစမြဲဖြစ်ပါကြောင်း၊ ယခု အင်အားပြင်းငလျင် ကြီးဒဏ်ခံစားရချိန်တွင်လည်း ဘေးဒုက္ခများကို အတူတကွရင်ဆိုင်ခံစားကြပြီး လူမျိုး၊ ဘာသာ၊ အသွေးအရောင်ကွဲပြားခြားနားမှုများ ပျောက်ကွယ်သွား ကြပါကြောင်း၊ တစ်ဦးကိုတစ်ဦး စာနာထောက်ထားမှု၊ မေတ္တာကရုဏာစိတ်များဖြင့် ဖေးမကူညီမှုများကို တွေ့မြင်ကြရပါကြောင်း၊ မြန်မာတို့၏ ပင်ကိုဗီဇစရိုက်တွင် ရုပ်ပိုင်းဆိုင်ရာအရရော၊ စိတ်ပိုင်းဆိုင်ရာအရပါ ကြံ့ကြံ့ခံနိုင်ခြင်းဆိုသည့် ဗီဇစရိုက်သည် ယှဉ်တွဲတည်ရှိနေပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် အင်အားပြင်းငလျင်ကြီး၏ဒဏ်ကို ကြံ့ကြံ့ခံနိုင်ခဲ့သကဲ့သို့ ငလျင်အလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့်ပြန်လည်ထူထောင်ခြင်း ဆောင်ရွက်ရာတွင်လည်း နိုင်ငံတော်၏ဦးဆောင်မှုအောက်တွင် နိုင်ငံသားတစ်ဦးတစ်ယောက်ချင်း၏ စွမ်းအား၊ နိုင်ငံသားအားလုံး၏ စုပေါင်းစွမ်းအားများနှင့်အတူ ရည်မှန်းချက်ရောက်သည်အထိ မမှိတ်မသုန် လျှောက်လှမ်းနိုင်ကြမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ထို့နောက် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့မှုများကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ရှာဖွေကယ်ဆယ်ရေးနှင့် အရေးပေါ်အကူအညီများ ထောက်ပံ့ရေးအဆင့်၊ ရှေးဦးပြန်လည်ထူထောင်ရေးအတွက် ပံ့ပိုးခြင်းအဆင့်နှင့် ယခုစီးပွားရေး ပြန်လည်တည်ဆောက်ရေးအဆင့်ဟူ၍ အဆင့်တိုင်းတွင် ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများနှင့် ရှင်းလင်းရေးလုပ်ငန်းများကို ပြည်တွင်းပြည်ပ ကူညီကယ်ဆယ်ရေးအဖွဲ့များက ဆောင်ရွက်နေသည့်ကာလအတွင်း ၎င်းတို့ လိုအပ်သည့်ပစ္စည်းများရရှိရေးနှင့် ငလျင်ဒဏ်သင့် ပြည်သူများအတွက် အရေးပေါ်လိုအပ်သည့်ပစ္စည်းများ ရရှိစေရေးအတွက် စီစဉ်ဆောင်ရွက်ပေးခဲ့ပါကြောင်း။

 ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ စစ်ကိုင်းမြို့နှင့် မန္တလေးမြို့တို့အတွင်း ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် ပြည်သူများသို့ စားသောက်ကုန်ပစ္စည်းများကို နေ့စဉ်ရောင်းချပေးလျက်ရှိပါကြောင်း၊ ငလျင်ဘေးသင့်ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီအစည်းအဝေးမှ လိုအပ်သည့်သံနှင့် သံမဏိပစ္စည်းများ ဆောက်လုပ်ရေးသုံးပစ္စည်း၊ စက်နှင့် စက်ပစ္စည်းများ၊ ကုန်ကြမ်းပစ္စည်းများ၊ သွင်းကုန်လိုင်စင်များ ခွင့်ပြုပေးလျက်ရှိပြီး ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးကိစ္စများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း။

ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့သည့် အဆောက်အအုံများ ပြန်လည်တည်ဆောက်ရာတွင် အရည်အသွေးပြည့်မီပြီး ကုန်ကျစရိတ်များသက်သာစေရေးကိုရည်ရွယ်၍ သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ရောင်းချပေးခြင်းကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ ၂၀၂၅ ခုနှစ် မေလ ၁၂ ရက်နေ့မှ ၁၈ ရက်အထိ နေ့စဉ်ရောင်းချပေးခဲ့ပါကြောင်း၊ အဆိုပါဈေးရောင်းပွဲတွင် ကုမ္ပဏီပေါင်း ၆၁ ခုမှ ဆိုင်ခန်းပေါင်း ၇၄ ခန်းဖြင့် အများပြည်သူများ အရည်အသွေးမှန် ဈေးနှုန်းမှန်ကန်စွာဖြင့် ဝယ်ယူနိုင်ရေး ရောင်းချပေးခဲ့ပါကြောင်း၊ ဈေးရောင်းပွဲတွင် ရောင်းချခဲ့သည့် စုစုပေါင်းတန်ဖိုးငွေကျပ် ၄၅၀၈၅ သန်းဖြစ်ပါကြောင်း။

မိမိတို့ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူဖြစ်စေရေး၊ ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းရှိစေရေးတို့ကို သက်ဆိုင်ရာအစိုးရ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြီးခဲ့သည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပို့ကုန် အမေရိကန် ဒေါ်လာ ၁၄ ဒသမ ၈ ဘီလီယံ၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၄၇ ဘီလီယံ၊ ကုန်သွယ်မှုအမေရိကန်ဒေါ်လာ ၂၇ ဒသမ ၂၇ ဘီလီယံ ဖိုးဆောင်ရွက်ခဲ့ပါကြောင်း၊ ကုန်သွယ်မှုကို ကြီးမားစွာအဟန့်အတားဖြစ်နေသည့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်းကိုလည်း ဆောင်ရွက်လျက်ရှိသည့်အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များက တရားမဝင်ကုန်သွယ် မှုမရှိစေရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံတင်ပြပါကြောင်း၊ ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင်ပို့ကုန်နှစ်ဆတိုးမြှင့်ရန် လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ပို့ကုန်နှစ်ဆတိုးမြှင့်ရေးအတွက် အစိုးရကဏ္ဍ၊ ပုဂ္ဂလိကကဏ္ဍမှ ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း။

ထို့ပြင် ငလျင်ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် အဓိက အထောက်အကူပြုနိုင်သည့် အင်အားများဖြစ်သော MSME လုပ်ငန်းများနှင့် ဆောက်လုပ်ရေးဝန်ဆောင်မှုလုပ်ငန်းများကို ပြည်ထောင်စုနယ်မြေနေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တို့တွင် လုပ်ငန်းများ အမြန်ဆုံးလည်ပတ်နိုင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်းက ၂၀၂၅ ခုနှစ် မတ် ၂၈ ရက်တွင် မြန်မာပြည်သူတို့ တွေ့ကြုံခဲ့ရသည့် ငလျင်ဘေးအန္တရာယ်ကြီးကြောင့် လူသားတို့၏ ပစ္စည်းဥစ္စာ၊ အခြေခံအဆောက်အအုံများ၊ စက်မှုလုပ်ငန်းများနှင့် တိုင်းပြည်၏ စီးပွားရေးအပေါ်တွင် ထိခိုက်မှုများရှိစေခဲ့ပါကြောင်း၊ အဆိုပါ သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးထိခိုက်မှုများကို ပြန်လည်ကုစားရန်နှင့် စိုက်ပျိုးမွေးမြူရေး ကဏ္ဍများ၊ အခြေခံ အဆောက်အအုံများ၊ စက်မှုကဏ္ဍများ၊ စီးပွားရေးစနစ်များကို ပြန်လည်ထူထောင်ရန်တို့သည် လက်ရှိတွင် အရေးကြီးဆုံး လုပ်ငန်းစဉ်တစ်ရပ်ဖြစ်လာပါကြောင်း။

ကုန်သည် စက်မှုအသင်းချုပ်အနေဖြင့်လည်း အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် ထိခိုက်ဆုံးရှုံးမှုဖြစ်ပွားခဲ့သည့် ဒေသများသို့ ပုဂ္ဂလိကကဏ္ဍကိုယ်စားပြု၍ လိုအပ်သည့်ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးနိုင်ရန်အတွက် “UMFCCI Earthquake Relief and Rehabilitation Task Force” ကို မတ် ၂၉ ရက်တွင်ဖွဲ့စည်းခဲ့ပြီး ကနဦးကယ်ဆယ်ရေး ရန်ပုံငွေကျပ် သိန်း ၂၀၀၀၀ ထူထောင်ကာ ထောက်ပံ့ရေးပစ္စည်းများကို လိုအပ်သည့်ဒေသများသို့ ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းခြင်းအပြင် နိုင်ငံတကာမိတ်ဖက်ကုန်သည် အသင်းအဖွဲ့များနှင့်ပါချိတ်ဆက်၍ ကူညီပံ့ပိုးနိုင်ရန် ဆောင်ရွက်ပေးခဲ့ပါကြောင်း။

၂၀၂၅ ခုနှစ် ဧပြီ ၁၈ ရက်က ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာအရ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို ခန့်မှန်းကြည့်သည့်အခါ ‌ဒေါ်လာသန်းပေါင်း ၁၀ ဘီလီယံကျော် အနည်းဆုံးရှိနိုင်သည်ဟု ခန့်မှန်းသွားပါကြောင်း၊ ထို့နောက် ၎င်းတို့၏တွက်ချက်မှုတွင် စီးပွားရေးတန်ဖိုး ကွင်းဆက်နှင့်ဈေးကွက် တစ်လျှောက်လုပ်ငန်းများ ပြတ်တောက် ရပ်ဆိုင်းခဲ့သည့်အတွက် စီးပွားရေးအရ နစ်နာဆုံးရှုံးမှုများရှိနိုင်သည်ကို ထည့်မတွက်ထားသေးသည်ဟု သိရှိရပါကြောင်း၊ ပျက်စီးဆုံးရှုံးမှု (damage) တန်ဖိုးသာမက စီးပွားရေးနစ်နာဆုံးရှုံးမှု (Loss) ပြန်ကာမိစေမည့် ပြန်လည် ထူထောင်ရေးလိုအပ်ချက် (recovery needs) သည် တန်ဖိုး နှစ်ဆ သုံးဆဖြစ်သွားနိုင်သည်ဟု သိထားရပါကြောင်း။

ပြီးခဲ့သည့် သဘာဝကပ်ဘေး အတွေ့အကြုံများအရ အဆိုးဆုံးရင်ဆိုင်ခဲ့ရပြီး စိန်ခေါ်မှုများလည်းရှိခဲ့သည့်ကြားမှ အကောင်းဆုံးပူးပေါင်းဆောင်ရွက်နိုင်ခဲ့သည့်အတွက် စီးပွားရေးကို အမြန်ဆုံးကုစားနိုင်ခဲ့သည့် သင်ခန်းစာများရှိပါကြောင်း၊ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းအလွန် ပြန်လည်ထူထောင်ရေးအစီအစဉ်များကြောင့် တိုင်းပြည်ဂျီဒီပီတိုးတက်နှုန်းသည် ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းတွင် တစ်ရှိန်ထိုးတိုးတက်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ကမ္ဘာပေါ်တွင် အမြန်ဆုံးဖြစ်လာခဲ့ပါ ကြောင်း၊ ၂၀၁၅ ခုနှစ် ရေကြီးရေလျှံမြေပြိုမှုများအပြီးတွင် ပိုမိုကောင်းမွန်စွာ ပြန်လည်တည်ဆောက်ရန် build back better ဆောင်ပုဒ်နှင့်အညီ ဆောင်ရွက်ခဲ့သည့်အတွက် နိုင်ငံတကာအကူအညီနှင့် ရင်းနှီးမြှုပ်နှံမှုများစွာဝင်ရောက်လာခဲ့ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် ကိုဗစ်ဖြစ်စတွင် နိုင်ငံ့စီးပွားသည် အနှုတ်ပြခဲ့သော်လည်း ၂၀၂၁ ခုနှစ်ကစပြီးမိုခါ၊ ရာဂီမုန်တိုင်းများကြားမှ အပေါင်း လက္ခဏာ ပြခဲ့ပြီဖြစ်ပါကြောင်း။

သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အာဆီယံနိုင်ငံ၏ တုံ့ပြန်ဆောင်ရွက်မှုများကို လေ့လာကြည့်မည်ဆိုပါက ဖိလစ်ပိုင်နိုင်ငံအနေဖြင့် တိုင်ဖုန်းယိုလန်ဒါအပြီး ပြန်လည်ထူထောင်ရေးအတွက် အစိုးရ - ပုဂ္ဂလိကပူးပေါင်း ဆောင်ရွက်မှုနှင့် MSMEs များအတွက် အထောက်အပံ့များ ဆောင်ရွက်ပေးခြင်း၊ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ၂၀၀၄ ခုနှစ် ဆူနာမီနှင့် ငလျင်များကြောင့် ထိခိုက်ခံစားရမှုများအတွက် အခြေခံအဆောက်အအုံများ ပြန်လည်တည်ဆောက်ခြင်း၊ အသေးစားချေးငွေများ ချေးပေးခြင်း၊ ဒေသခံစီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်ရေးအတွက် တွန်းအားပေးဆောင်ရွက်ခဲ့ခြင်းများ ရှိပါကြောင်း။

အိမ်နီးချင်းထိုင်းနိုင်ငံကို ကြည့်မည်ဆိုပါကလည်း ၂၀၁၁ ခုနှစ် ရေကြီးမှုကို ကြုံတွေ့ခံစားခဲ့ကြရသည့် ပြည်သူများအတွက် ပြည်ပရင်းနှီးမြှုပ်နှံသူများဖိတ်ခေါ်ကာ စက်မှုဇုန်များတွင် ရေဘေးအန္တရာယ်ကာကွယ်ရေးအတွက် ရေတားများထုတ်လုပ်ခြင်းနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် တည်ဆောက်ပေးခြင်းတို့အပြင် အတိုးနှုန်းသက်သာစွာဖြင့် ငွေချေးခြင်း၊ အခွန်ကင်းလွတ်ခွင့်များ စသည်တို့ကို ဆောင်ရွက်ပေးခဲ့သည့် သာဓကများလည်းရှိပါကြောင်း။

ထို့ပြင် ငလျင်ဘေးအန္တရာယ်များ မကြာခဏကြုံတွေ့ရသော ဂျပန်နိုင်ငံတွင်လည်း စီးပွားရေးလုပ်ငန်းများ အမြန်ဆုံးနာလန်ပြန်ထူနိုင်ရေးအတွက် Business Continuity Guidelines နှင့် ကဏ္ဍအလိုက် Planning (BCPs)ကို ချမှတ်ရေးဆွဲထားပြီး ဒေသအလိုက် လိုအပ်ချက်များကို လေ့လာသုံးသပ်ကာ ပြန်လည်ထူထောင်ရေး အစီအမံများကို ရေးဆွဲဆောင်ရွက်ပေးထားကြောင်း လေ့လာသိရှိရသည့်အတွက် မိမိတို့မြန်မာနိုင်ငံအနေဖြင့်လည်း ယခုဖြစ်ရပ်ကို နမူနာယူ၍ မိမိတို့နိုင်ငံနှင့် လိုက်လျောညီထွေရှိမည့် စီမံကိန်း၊ အစီအမံရေးဆွဲချမှတ်ထားရန် အရေးကြီးလာပြီဖြစ်ပါကြောင်း၊ ထိုလျာထားစီမံကိန်း လုပ်ငန်းများသည် လက်တွေ့ကျသည့် စီမံကိန်းဖြစ်ရန် လိုအပ်သကဲ့သို့ ပြည်သူကို အမှန်တကယ်အကျိုးပြုနိုင်သည့် စီမံကိန်းများဖြစ်ရေးအတွက်လည်း စနစ်တကျလေ့လာသုံးသပ်ရန် လိုအပ်ပါကြောင်း။

ယခုဖိုရမ်မှ ထွက်ပေါ်လာမည့် ရလဒ်များနှင့်အတူ အစိုးရ-ပုဂ္ဂလိကပူးပေါင်း ဆောင်ရွက်မှုမှတစ်ဆင့် အစိုးရ-ပုဂ္ဂလိက- ပြည်သူပူးပေါင်းအကောင် အထည်ဖော်သည့် ဘေးလွန်ကာလ ပြန်လည်ထူထောင်ရေးစီမံကိန်းနှင့် စုဖွဲ့မှုများဖြစ်ထွန်းလာသည်အထိ ဆောင်ရွက်သွားမည်ဖြစ်သည်ကို ထပ်လောင်းပြောကြားလိုပါကြောင်း၊ ယနေ့ ကျင်းပသည့်ပွဲတွင် ကဏ္ဍများနှင့် ဒေသအသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ကြမည်ဖြစ်သည့်အတွက် အားလုံးသုံးသပ်မည့် ဆန်းစစ်ချက်တစ်ရပ် ပေါ်ထွက်လာမည်ဟု မျှော်လင့်ပါကြောင်း။

တစ်ဖက်ကကြည့်မည်ဆိုပါက ယခုသဘာဝဘေးအန္တရာယ်သည် ပြည်သူများ၏ ညီညွတ်မှု၊ ကူညီရိုင်းပင်းမှု၊ စနစ်ကျသောဆောင်ရွက်မှုတို့သည် အကောင်းဆုံးဖြေရှင်းနိုင်သော နည်းလမ်း တစ်ခုဖြစ်သည်ကိုပြသသွားသည့် သတိပေးချက်တစ်ခုဖြစ်ပါကြောင်း၊ ငလျင်ကြောင့် ပျက်စီးဆုံးရှုံးသည့်အရာများထက် ပိုမိုပြည့်စုံသော နိုင်ငံတော်တစ်ခု၊ စီးပွားရေးရပ်ဝန်းတစ်ခု ပြန်လည်တည်ဆောက်ရန် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။

အနာဂတ်တွင် ဖွံ့ဖြိုးမှု၏စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် တာဝန်ကိုယ်စီ ရှိကြသည်ဆိုသည့် ခံယူချက်ဖြင့် သယံဇာတနှင့် အရင်းအနှီးများကို ထိန်းသိမ်းပြီး ရေရှည်တည်တံ့သည့် အခြေခံအဆောက်အအုံဖြစ်ထွန်းရေးကို အားပေးကူညီဆောင်ရွက်ခြင်းနှင့် ရေရှည်တည်တံ့သည့် အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းပေါ် ဟန်ချက်ညီညီဖြင့် လျှောက်လှမ်းနိုင်ရန် ပုဂ္ဂလိကကဏ္ဍအနေဖြင့် လိုအပ်သည့်အပိုင်းကဏ္ဍတွင် တတ်စွမ်းသရွေ့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank) ဥက္ကဋ္ဌဦးကိုကိုက မိမိအနေဖြင့် ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ထူထောင်ရာတွင် ဆောင်ရွက်သင့်သည့် အဓိကလုပ်ငန်းစဉ်အချို့ကို ဆွေးနွေးတင်ပြလိုပါကြောင်း၊ ပထမလုပ်ငန်းစဉ်သည် ပျက်စီးသွားသည့်အခြေခံအဆောက်အအုံများကို ချက်ချင်းပြန်လည်တည်ဆောက်ရေးပင်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရက ယင်းမဟာဗျူဟာအား ယခုအခါ လက်တွေ့ကျင့်သုံးအကောင်အထည်ဖော်နေသည်ကို မြင်တွေ့ရပါကြောင်း၊ ထိုသို့ လုပ်ဆောင်ရာတွင် ပျက်စီးဆုံးရှုံးမှုများကို တွက်ချက်ခြင်း၊ ပြန်လည်တည်ဆောက်ရာတွင် ဦးစားပေးများ သတ်မှတ်ခြင်းနှင့် အရေးပေါ်ဘတ်ဂျက်များ ချထားပေးခြင်းများပါဝင်ပြီး နိုင်ငံတော်အစိုးရက ထိုအရာများကို ဦးစားပေးလုပ်ဆောင်နေသည်ကို မြင်တွေ့ရပါကြောင်း။

ဒုတိယလုပ်ငန်းစဉ်မှာ ထိခိုက်သွားရသည့် လူမှုဘဝများကို ပြန်လည်တည်ဆောက်ပေးခြင်းဖြစ်ပါကြောင်း၊ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများတွင် ထိခိုက်သွားရသည့် လူမှုအသိုက်အဝန်းများက ပါဝင်ဆောင်ရွက်စေခြင်းဖြင့် ၎င်းတို့ကို ဝင်ငွေရရှိအောင် ဖန်တီးပေးနိုင်ပါကြောင်း၊ အတိုးနှုန်းနည်းပါးသည့် အသေးစားချေးငွေများ ထုတ်ပေးခြင်းနှင့် MSME လုပ်ငန်းများကို ကူညီခြင်းများကို ဆောင်ရွက်နိုင်ပါကြောင်း၊ ပျက်စီးသွားသည့် လယ်ယာသားငါးလုပ်ငန်းများအတွက် မျိုးစေ့များ၊ မျိုးများနှင့် လယ်ယာနှင့် မွေးမြူရေးသုံးကိရိယာများ ထောက်ပံ့ခြင်းတို့ကို ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း။

တတိယ လုပ်ငန်းစဉ်အနေဖြင့် ငွေကြေးနှင့် စီးပွားတည်ငြိမ်ရန်လုပ်ဆောင်ခြင်းဖြစ်ပြီး ထိုလုပ်ငန်းစဉ်သည် နူးညံ့သိမ်မွေ့သည့် လုပ်ငန်းစဉ်ဖြစ်ပါကြောင်း၊ ငွေကြေးဖောင်းပွမှုတည်ငြိမ်ရေး၊ ငွေပေါ်လွယ်နိုင်စွမ်းကို ထိန်းသိမ်းထားရန်နှင့် ထိခိုက်မှုဖြစ်ပေါ်ခဲ့ရသည့်လုပ်ငန်းများကို ဘဏ်များက ကူညီပေးရန်အစရှိသည်တို့ ပါဝင်သင့်ပါကြောင်း၊ ထို့ပြင် ပြန်လည်တည်ဆောက်ရေး စီမံကိန်းများတွင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများကို အားပေးပြီး Public-Private Partnership ကို မြှင့်တင်သင့်ပါကြောင်း၊ တစ်ဆက်တည်း လုပ်ဆောင်နိုင်သည်မှာ အလှူရှင်များနှင့် အကူအညီပေးမှုများအတွက် ထပ်နေသည်မျိုးမရှိစေရန်နှင့် ပွင့်လင်းမြင်သာမှုရှိစေရန် Donor Coordination & Aid Management ယန္တရားတစ်ခုကို ဖွဲ့စည်းသင့်ပါကြောင်း။

အခြားလုပ်ငန်းစဉ်တစ်ခုမှာ မဟာဗျူဟာမြောက် စီးပွားရေးစီမံကိန်းအစီအစဉ်များ ပြန်လည်သုံးသပ်ရေးဆွဲပေးရန်ဖြစ်ပါကြောင်း၊ ငလျင်ဘေးအလွန် မည်သည့်အရာများ လိုအပ်သည်ဆိုသည့် Need Assessment တစ်ခုကို ဆောင်ရွက်သင့်ပါကြောင်း၊ နိုင်ငံတော်၏ အမျိုးသားစီမံကိန်းများတွင် ငလျင်ကဲ့သို့ သဘာဝဘေးအန္တရာယ်များကို မည်ကဲ့သို့ ရင်ဆိုင်ဖြေရှင်းကြမည်၊ ကြံ့ကြံ့ခိုင်နိုင်စွမ်းရှိအောင် မည်သို့ဆောင်ရွက်ကြမည်ဆိုသည့် အချက်များကို ပေါင်းစပ်ထည့်သွင်းသင့်ပါကြောင်း။

ပဉ္စမလုပ်ငန်းစဉ်အနေဖြင့် ပို၍ကောင်း အောင်တည်ဆောက်ခြင်း အခြေခံသဘောတရား Build Back Better (BBB) Principles ကို ကိုင်စွဲခြင်းဖြစ်ပါကြောင်း၊ မိမိတို့၏ အခြေခံအဆောက်အအုံများသည် ငလျင်နှင့် သဘာဝဘေးဒဏ် ကြံ့ကြံ့ခိုင်နိုင်စွမ်းရှိအောင် ပြန်လည်တည်ဆောက်ကြရမည် ဖြစ်ပါကြောင်း၊ မြို့ပြများ ပြန်လည်ဖွဲ့စည်းတည်ဆောက်ကြရမည်ဖြစ်ပါကြောင်း၊ ယခုဆိုလျှင် နေပြည်တော် Town Plan ကို ငလျင်ဘေးကြံ့ကြံ့ခိုင်နိုင်စွမ်းရှိမည့် ဖွဲ့စည်းတည်ဆောက်မှုဖြစ်အောင် ပြန်လည်လုပ်ဆောင်နေပြီဟု သိရှိရပါကြောင်း။

ဆဋ္ဌမလုပ်ငန်းအနေဖြင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်မည့် မဟာဗျူဟာများ၊ ချဉ်းကပ်မှုအသစ်များကို ကြံဆဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ထိုအရာသည် စိန်ခေါ်မှုများထဲမှ အခွင့်အလမ်းများဖြစ်ပြီး မိမိတို့အနေဖြင့် နည်းပညာအကူအညီများ ငွေကြေးအကူအညီများနှင့် ရင်းနှီးမြှုပ်နှံမှု အသစ်များကို မည်သို့ရယူရမည်နည်းဆိုသည်ကို ကျွမ်းကျင်သည့် ပညာရှင်များနှင့် မူဝါဒရေးဆွဲမည့်သူများ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်ပါက အကျိုးရှိမည့် လုပ်ငန်းစဉ်ဟု မြင်မိပါကြောင်း။

နောက်ဆုံးလုပ်ငန်းစဉ်တစ်ခုအနေဖြင့် ဆွေးနွေးတင်ပြလိုသည်မှာ ငလျင်ကဲ့သို့သော သဘာဝဘေးထိခိုက်မှုအနည်းဆုံးဖြစ်သည့် စီးပွားရေးလုပ်ငန်းများကို အားပေးမြှင့်တင်ပေးခြင်းဖြစ်ပါကြောင်း၊ ငလျင်ကဲ့သို့သော သဘာဝဘေးအန္တရာယ် အနည်းဆုံးသက်ရောက်မှုရှိသည့် စီးပွားရေးလုပ်ငန်းများသည် ဒစ်ဂျစ်တယ်နည်းလမ်း သို့မဟုတ် အဝေးမှ ထိန်းကျောင်းခြင်းနည်းလမ်းဖြင့် ဆောင်ရွက်နိုင်သည့် လုပ်ငန်းများ၊ နေရာအလွယ်တကူ ရွှေ့ပြောင်းလုပ်နိုင်သည့် လုပ်ငန်းများပင် ဖြစ်ပါ ကြောင်း။

ထိုအရာများကို မိမိအနေဖြင့်ဉာဏ်မီသလောက် စဉ်းစားအကြံပြုဆွေးနွေး ထားခြင်းဖြစ်ပြီးအားနည်းမှု၊ ချို့ယွင်းမှု၊ မဆီလျော်မှုများရှိခဲ့ပါက ခွင့်လွှတ်နားလည်ပေးပါရန် မေတ္တာရပ်ခံလိုပါကြောင်း၊ မကြာခင်တွင်ဆွေးနွေးပွဲ Panel များ စတင်တော့မည်ဖြစ်ပြီး ယင်းသို့ ဆွေးနွေးမှုများမှတစ်ဆင့် လက်တွေ့အသုံးဝင်မည့် ရလဒ်ကောင်းများ ပေါ်ထွက်လာမည်ဟု မျှော်လင့်ပါကြောင်း၊ ဆွေးနွေးကြမည့်သူအားလုံးက စိတ်ရင်းစေတနာရင်းများဖြင့် နိုင်ငံတော်အကျိုး၊ အများပြည်သူအကျိုး ဦးတည်ဆွေးနွေး တင်ပြနိုင်ကြမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ထို့နောက် သုံးသပ်ဆွေးနွေးပွဲ အစီအစဉ်များစတင်ကျင်းပရာ “မန္တလေးငလျင်ကြီး၏ စီးပွားရေးအပေါ်ရိုက်ခတ်မှုများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ “စီးပွားရေး ပြန်လည်ထူထောင်ခြင်းအတွက် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ “စီးပွားရေးကုစားခြင်းအတွက် စုပေါင်းအဖြေရှာခြင်း” ခေါင်းစဉ်ဖြင့် လည်း ကောင်း ကဏ္ဍသုံးရပ်ခွဲ၍ ဆွေးနွေးကြသည်။

“မန္တလေးငလျင်ကြီး၏ စီးပွားရေးအပေါ် ရိုက်ခတ်မှုများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် ဆွေးနွေးပွဲသဘာပတိအဖြစ် မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့မှ ဒါရိုက်တာ ဒေါက်တာခင်မောင်လွင်ကဆောင်ရွက်ပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင်၊ မြန်မာနိုင်ငံကုန်သည် စက်မှုလုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင်ဒေါက်တာ အောင်မြတ်လွင်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်နှင့် မန္တလေးကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးတင်လတ်တို့က ပါဝင်ဆွေးနွေးကြသည်။

ထိုသို့ဆွေးနွေးရာတွင် ငလျင်ဘေးကြောင့် ထိခိုက်ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် လယ်ယာသားငါးကဏ္ဍအတွက် ကုန်ကြမ်းများ အဆင်ပြေလွယ်ကူစွာ ရရှိ နိုင်ရေး၊ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု အများဆုံးဖြစ်ခဲ့သည့် ဆီထွက်သီးနှံ၊ ပြောင်းသီးနှံများအတွက် မျိုးကောင်းမျိုးသန့်များနှင့် အထောက်အပံ့များရရှိရေး၊ ထို့အတူ မွေးမြူရေးကဏ္ဍတွင် ငလျင်ကြောင့် ထိခိုက်မှုများအတွက် ပြန်လည်ဆောင်ရွက်ရာတွင် တိရစ္ဆာန်အစာထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက် စနစ်တကျ ထောက်ပံ့ဆောင်ရွက်နိုင်ရေး။

ငလျင်ဘေးဖြစ်ပေါ်ပြီးနောက် အစိုးရအနေဖြင့်ဆောင်ရွက်ရမည့် ကဏ္ဍ၊ ပုဂ္ဂလိကအနေဖြင့် ဆောင်ရွက်ရမည့်ကဏ္ဍ၊ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရမည့် အခန်းကဏ္ဍ စသည်ဖြင့် ကဏ္ဍအလိုက် စနစ်တကျဆောင်ရွက်သွားနိုင်ရေး၊ Enable Environment ဖြစ်စေရန် ကြိုးပမ်းဆောင်ရွက်ရေး၊ စီးပွားရေးလုပ်ငန်း နယ်ပယ်အလိုက် စက်ရုံအဆောက်အအုံများ တည်ဆောက်ရာတွင် တည်ဆောက်မှုလုပ်ငန်းများသည် တာဝန်ယူ၊ တာဝန်ခံနိုင်သည့် လုပ်ငန်းများဖြစ်စေရေး၊ ထိရောက်သော ပြန်လည်ထူထောင်ရေး ဆောင်ရွက်ရာတွင် ကဏ္ဍအလိုက် လိုအပ်ချက်များကို စုစည်းဆောင်ရွက်နိုင်‌ရေး၊ မြေပြင်တွင် အမှန်တကယ်ထိခိုက်ခံစားမှု တွေ့ကြုံရသည့် MSME လုပ်ငန်းများ သိရှိစေရေး၊ ထို့ပြင် MSME လုပ်ငန်းများ ပြန်လည် ထူထောင်ရေးအတွက် လိုအပ်သည့်စက်ပစ္စည်းများ အဆင်ပြေလွယ်ကူစွာ တင်သွင်းနိုင်ရေး၊ ချေးငွေအထောက်အပံ့ရရှိရေးနှင့် ချေးငွေရယူရာတွင် လုပ်ငန်းကဏ္ဍအလိုက် တိကျသည့် မူဝါဒများဖြင့် ဆောင်ရွက်နိုင်ရေး။

ငလျင်ကြောင့် စက်ရုံအလုပ်ရုံများ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သဖြင့် အလုပ်လက်မဲ့ လုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းဖော်ဆောင်ပေးရေး၊ ငလျင်ဘေးအလွန် ကုန်ထုတ်လုပ်ငန်းများကို အားပေးမြှင့်တင်ရာတွင် စက်မှုကုန်ကြမ်း များ အလွယ်တကူရရှိနိုင်ရန် စီမံဆောင်ရွက်နိုင်ရေး၊ ထို့ပြင် လုပ်ငန်းများအတွက် ရင်းနှီးဆောင်ရွက်မည့် မြေနေရာ၊ လူ့စွမ်းအားအရင်းအမြစ်၊ နည်းပညာ၊ ချေးငွေတို့သည် အခြေခံလိုအပ်ချက်ဖြစ်နေသည့်အတွက် ငလျင်ကြောင့် ထိခိုက်ခံစားရသည့် လုပ်ငန်းနယ်ပယ်အလိုက် Impact Assessment ကို စနစ်တကျဆောင်ရွက်သွားနိုင်ရေး၊ နိုင်ငံတော်အနေဖြင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရန် လုပ်ငန်းရှင်များအတွက် သင့်တင့်သော မြေဈေးနှုန်းဖြင့် လုပ်ကိုင်ဆောင်ရွက်သွားနိုင်မည့်အစီအစဉ်များ ဆောင်ရွက်ပေးနိုင်ရေး၊ စီးပွားရေးလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ရာတွင် တရားမဝင်ကုန်သွယ်မှုလုပ်ငန်းများကို ယှဉ်ပြိုင် ဆောင်ရွက်နိုင်ရန်မှာ ခက်ခဲသည့်အတွက် တရားမဝင်ကုန်သွယ်မှု ပပျောက်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်း၍ အသေးစိတ်ဆွေးနွေးကြသည်။

ယင်းနောက် “စီးပွားရေးပြန်လည်ထူထောင်ခြင်းအတွက် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် သဘာပတိအဖြစ် မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့မှ ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦးက ဆောင်ရွက်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း၊ မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက် တာများအသင်းချုပ်(MLCA) အထွေထွေ အတွင်းရေးမှူးချုပ် ဦးသက်ကိုကို၊ မြန်မာနိုင်ငံ အာမခံအသင်း ဒုတိယဥက္ကဋ္ဌ ဒေါ်မာလာညွန့်နှင့် မြန်မာနိုင်ငံမြေငလျင် ကော်မတီဒုတိယဥက္ကဋ္ဌ ဦးစောထွေးဇော်တို့က ပါဝင်ဆွေးနွေးကြသည်။

ထိုသို့ဆွေးနွေးရာတွင် သဘာဝဘေးအန္တရာယ်ကို ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် နိုင်ငံများ၏ ပျက်စီးဆုံးရှုံးမှုဆိုင်ရာ စာရင်းကောက်ယူမှု၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့မှု၊ ထိခိုက်နစ်နာမှုရှိခဲ့သည့် ကဏ္ဍများအားကာလအလိုက် ပြန်လည်ကုစားဆောင်ရွက်ပေးနိုင်ခဲ့မှု၊ သဘာဝဘေးနှင့်စပ်လျဉ်း၍ နိုင်ငံတကာတွင် စနစ်တကျ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့မှုများအားလေ့လာ၍ မိမိတို့နိုင်ငံတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး။

ငလျင်နှင့်ပတ်သက်သည့် အာမခံဝန်ဆောင်မှုထားရှိရေး၊ ငလျင်ဒဏ်ကြောင့် ပျက်စီးထိခိုက်ခဲ့သည့် အာမခံဝန်ဆောင်မှုရယူထားသည့် ပစ္စည်းများအား အာမခံစည်းမျဉ်းစည်းကမ်းများအလိုက် အချိန်နှင့်တစ်ပြေးညီ လျော်ကြေးတွက်ချက် ဆောင်ရွက်ပေးနိုင်ရေး၊ မမျှော်မှန်းနိုင်သည့် ဘေးအန္တရာယ်အခြေအနေများကို တွက်ချက်၍ အာမခံ အမျိုးအစားများအလိုက် အာမခံအကာ အကွယ်ဝန်ဆောင်မှု ရယူထားနိုင်ရေး၊ အာမခံထားရှိခြင်းဖြင့် ရရှိမည့်အကျိုး ကျေးဇူးများကို ပြည်သူများအား အသိပညာပေးဆောင်ရွက်သွားနိုင်ရေး။

ငလျင်ဘေးအလွန် စီးပွားရေး ပြန်လည်ထူထောင်ရာ၌ UMFCCI နှင့် ညီနောင်အသင်းအဖွဲ့များ ချိတ်ဆက်ဆောင်ရွက်နိုင်ရေး၊ ပို့ကုန်သွင်းကုန်လုပ်ငန်းများ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ရေး နိုင်ငံတော်မှမူဝါဒများ ဖြေလျှော့ပေးခဲ့မှု၊ ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် အဆောက်အအုံများအား စံချိန်စံညွှန်းနှင့်အညီ ပြန်လည်တည်ဆောက်နိုင်ရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအား ကာလအလိုက် ပိုင်းခြားဆောင်ရွက်နိုင်ရေး၊ စက်ရုံ၊ အလုပ်ရုံများအတွက် လိုအပ်သည့်ကုန်ကြမ်းများ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး၊ ထိခိုက်မှုဖြစ်ပေါ်ခဲ့သည့် အထည်ချုပ်လုပ်ငန်းများ ဈေးကွက်ပြန်လည်ရရှိရေး။

ငလျင်လွန်ကာလတွင် တည်ဆောက်မည့် အဆောက်အအုံများအနေဖြင့် ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အအုံများ တည်ဆောက်နိုင်ရေး၊ ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍအတွက် ချေးငွေရရှိရေး၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် အရည်အသွေး၊ စံချိန်စံညွှန်းပြည့်မီသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ အသုံးပြု‌ရေးနှင့် ဈေးကွက်တွင် အလွယ်တကူဝယ်ယူနိုင်ရေး၊ ထို့အတူ ပြည်တွင်းလုပ်ငန်းရှင်များထုတ်လုပ်သည့် ဆောက်လုပ်ရေးလုပ်ငန်း သုံးပစ္စည်းများဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေး၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် ကျွမ်းကျင်လုပ်သားများဖြင့်သာ လုပ်ငန်းများဆောင်ရွက်သွားရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။

ဆက်လက်၍ “စီးပွားရေးကုစားခြင်းအတွက် စုပေါင်းအဖြေရှာခြင်း” ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် သဘာပတိအဖြစ် မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့မှ ဒါရိုက်တာ ဦးကျော်လင်းဦးက ဆောင်ရွက်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်သွေးသွေးချစ်၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့ဝင် ဒေါက်တာရင်ရင်နွယ်နှင့် ပြည်ထောင်စုဝန်ကြီး (ငြိမ်း) ဦးအောင်နိုင်ဦးတို့က ပါဝင်ဆွေးနွေးကြသည်။

ထိုသို့ဆွေးနွေးရာတွင် ငလျင်ကာလအလွန်တွင် ငွေကြေးမူဝါဒနှင့် နိုင်ငံ့ GDP ထိခိုက်မှုအခြေအနေ ပြန်လည်သုံးသပ်နိုင်ရေး၊ နိုင်ငံ့စီးပွားရေးတိုးတက်မှု လျင်မြန်စွာရရှိနိုင်သည့် ကဏ္ဍများကို အားပေးမြှင့်တင်ဆောင်ရွက်ရေး၊ ငလျင်အလွန်ကာလတွင် သက်သာသောအတိုးနှုန်းများဖြင့် ချေးငွေများ စနစ်တကျ စိစစ်ထုတ်ချေးပေးနိုင်ရေး၊ သဘာဝ ဘေးအန္တရာယ်ဖြစ်ပွားပြီး နောက်ပိုင်းဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များကို နိုင်ငံတကာအတွေ့အကြုံများမှ လေ့လာဆောင်ရွက်သွားရေး၊ ပြန်လည် ထူထောင်ရေးဆောင်ရွက်ရာတွင် အခြေခံအဆောက်အအုံများ ပြန်လည်တည်ဆောက်ရေး၊ စီးပွားရေးလုပ်ငန်းများ အမြန်ဆုံးလည်ပတ်နိုင်ရေးနှင့် အနာဂတ်တွင် တွေ့ကြုံနိုင်သည့် သဘာဝဘေးများအတွက် ကြံ့ကြံ့ခိုင်နိုင်စွမ်းရှိအောင် စီမံ ဆောင်ရွက်ခြင်းတို့ကို ဦးစားပေးဆောင်ရွက်ရန်လိုအပ်မှု။

နှစ်အလိုက် နိုင်ငံ့စီးပွားရေးနှင့် Currency Exchange Rate ထိန်းညှိ ဆောင်ရွက်နေမှုအခြေအနေ၊ နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်များကို အကောင်အထည်ဖော်ဆောင်ရေး၊ ငလျင်ဘေးကြောင့် ကဏ္ဍအလိုက် ဆုံးရှုံးမှုတန်ဖိုးများကို စာရင်းကောက်ယူခဲ့မှုနှင့် ပြန်လည်ကုစားရေး၊ ပြန်လည်ထူထောင်ရေးအတွက် အရေးပေါ်ရန်ပုံငွေ လျာထားဆောင်ရွက်ထားမှု၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် စာရင်းဇယားများပြုစု၍ အမှန်တကယ်လိုအပ်သည့် နေရာများတွင် စနစ်တကျဆောင်ရွက်သွားနိုင်ရေး၊ ဝန်ကြီးဌာနများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ရလဒ်အခြေခံသည့် လုပ်ငန်းအကောင်အထည်ဖော်ခြင်းမျိုးကို ပိုမိုအလေးပေး ဆောင်ရွက်နိုင်ရေး။

ငလျင်အလွန်ကာလတွင် ကဏ္ဍအလိုက် မူဝါဒပိုင်းဆိုင်ရာ ဖြေလျှော့သင့်သည်များကို ဖြေလျှော့သွားနိုင်ရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် နိုင်ငံတကာလှူဒါန်းငွေများကို အသုံးပြုရာတွင် ဗဟိုချုပ်ကိုင်မှုစနစ် ဖြေလျှော့ပေးရန်လိုအပ်မှု၊ အစိုးရကဏ္ဍမှ လုပ်ငန်းရှင်များအတွက် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နိုင်စွမ်း တိုးတက်လာနိုင်စေမည့် မူဝါဒပိုင်းဆိုင်ရာ အထောက်အပံ့များ ရေးဆွဲချမှတ်ပေးနိုင်ရေး၊ ဘဏ္ဍာငွေကြေးစိုက်ထုတ် သုံးစွဲသလောက် အကျိုးရှိထိရောက်စေရန် Economic Recovery Plan စနစ်တကျရေးဆွဲ ဆောင်ရွက်နိုင်ရေး၊ ပြန်လည်ထူထောင်ရေးအတွက်ရရှိသည့် အလှူငွေများကို ပွင့်လင်းမြင်သာစွာအသုံးပြုရေးနှင့် စနစ်တကျမှတ်တမ်းတင်ထားရှိရေး၊ ငလျင်ပြီးနောက် ပေါ်ပေါက်လာမည့် အခွင့်အလမ်းများကို ဆုပ်ကိုင်အသုံးချနိုင်ရေး၊ သဘာဝဘေးနှင့်စပ်လျဉ်းသည့် Education Management Information System တွင်ကျယ်လာစေရေး၊ တည်ရှိနေသည့် အရင်းအမြစ်များကို လိုအပ်ချက်အလိုက် ထိရောက်အကျိုးရှိစေရန် အသုံးချနိုင်ရေးနှင့်စပ်လျဉ်း၍ အသေးစိတ်ဆွေးနွေးကြသည်။

ထိုသို့ခေါင်းစဉ်အလိုက် ဆွေးနွေးသုံးသပ်ချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးပွဲတက်ရောက်လာကြသည့် နိုင်ငံတကာမှ လေ့လာသုံးသပ်သူများ၊ နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်များ၊ MSME လုပ်ငန်းရှင်များ၊ ပြည်တွင်းမှ နိုင်ငံရေးသုတေသီများ၊ မြန်မာနိုင်ငံအရေး စိတ်ဝင်စားကြသူများ၊ တက်ရောက်လာကြသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြရာ ဆွေးနွေးပွဲ ပါဝင်ဆွေးနွေးသူ ပညာရှင်များက ပြန်လည်ရှင်းလင်းဖြေကြားပေးကြသည်။

ယနေ့ဆွေးနွေးပွဲမှရရှိလာသည့် ဆွေးနွေးချက်များကိုစုစည်း၍ စကားဝိုင်းဆွေးနွေးခြင်း အစီအစဉ်ကို မေ ၃၁ ရက်တွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး နှစ်ရက်တာ ဆွေးနွေးမှုများမှ တစ်ဆင့်အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်များကို ဖော်ထုတ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်