Skip to main content

အိတ်ခ်ျပီဗီကာကွယ်ဆေးကို အောက်တိုဘာ ၂၀ ရက်တွင် စတင်ထိုးနှံပေးသွားမည်

နေပြည်တော် အောက်တိုဘာ ၁၆

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ပုံမှန်ကာကွယ်ဆေးထိုးခြင်း အစီအစဉ်တွင် (၁၃)ခုမြောက် ကာကွယ်ဆေးအဖြစ် အိတ်ခ်ျပီဗီကာကွယ်ဆေးကို အောက်တိုဘာ ၂၀ ရက်မှစ၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ Stay at Home အမိန့်ကြေညာထားသည့် မြို့နယ်များမှလွဲ၍ စတင်ထိုးနှံ ပေးသွားဖြစ်ကြောင်း သိရသည်။

အိတ်ခ်ျပီဗီကာကွယ်ဆေးသည် အိတ်ခ်ျပီဗီပိုးကြောင့် ဖြစ်ပွားသော သားအိမ်ခေါင်းကင်ဆာနှင့် အခြားကင်ဆာ ရောဂါများမှ ကာကွယ်ပေးနိုင်ပြီး အမျိုးသမီးငယ်များကို အိတ်ခ်ျပီဗီကာကွယ်ဆေး စောနိုင်သမျှ အစောဆုံးထိုးနှံပေးခြင်းဖြင့် ကာကွယ်မှုအမြင့်မားဆုံးရရှိနိုင်မည့် အခွင့်အလမ်းတစ်ခုလည်း ဖြစ်သည်။

အိတ်ခ်ျပီဗီကာကွယ်ဆေး ထိုးနှံပေးခြင်းအစီအစဉ်အနေဖြင့် ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလမှ ၂၀၁၁ ခုနှစ် ဩဂုတ်လ အတွင်းမွေးဖွားသည့် အမျိုးသမီးများအား မွေးစာရင်း (သို့မဟုတ်) ကျောင်းဝင်ခွင့်ကတ် (သို့မဟုတ်) အိမ်ထောင်စုစာရင်း (သို့မဟုတ်) ပုံမှန်/ အစုလိုက်/ အပိုဆောင်း ကာကွယ်ဆေးထိုးမှတ်တမ်းကတ်များဖြင့် နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးစာရင်းပေးသွင်း၍ ဖိတ်ကြားစာများရယူကြရမည် ဖြစ်သည်။

အိတ်ခ်ျပီဗီကာကွယ်ဆေးထိုးရာတွင် လူစုလူဝေးမဖြစ်စေရေးအတွက် မိဘ (သို့မဟုတ်) အုပ်ထိန်းသူတစ်ဦး လိုက်ပါ၍ အမျိုးသမီးငယ်ကို ချိန်းဆိုထားသော နေ့ရက် (သို့မဟုတ်) အချိန်အတိုင်း သတ်မှတ်ထားသော ကာကွယ်ဆေးစုရပ်သို့ ဖိတ်ကြားစာနှင့် အတူသွားရောက် ထိုးနှံပေးကြရန်နှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ညွှန်ကြားထားသည့်အတိုင်း ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်ခြင်း၊ တစ်ဦးနှင့်တစ်ဦး (၆) ပေအကွာ နေရာယူခြင်း၊ လက်ကို မကြာခဏဆေးခြင်းစသည့် ရောဂါကာကွယ်ရေး နည်းလမ်းများကို တိကျစွာ လိုက်နာကြရမည်ဖြစ်သည်။

Stay at Home မြို့နယ်များတွင် Stay at Home ညွှန်ကြားချက် ပြီးဆုံးသည့်နောက်ရက်တွင် အိတ်ခ်ျပီဗီ ကာကွယ်ဆေး အပါအဝင် ပုံမှန်ကာကွယ်ဆေးများကို ထိုးနှံပေးသွားမည်ဖြစ်ပြီး ကာကွယ်ဆေး မထိုးရသည့် ကလေးမရှိစေရန် ထိုးနှံပေးသွားမည်ဖြစ်သဖြင့် မိဘများ စိတ်ပူပန်မှုမရှိစေရန်နှင့် Stay at Home ကာလအတွင်း မိမိတို့နေအိမ်များ၌သာ နေထိုင်ကြပါရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက တိုက်တွန်းထားသည်။

သတင်းစဉ်