Skip to main content

သဘာဝဘေးပြန်လည်ထူထောင်ရေး အရှိန်အဟုန်မြှင့်တင် ဝိုင်းဝန်းကြိုးပမ်း

၂၀၂၃ ခုနှစ်တွင် ရခိုင်ပြည်နယ်၌ မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ငွေကျပ် ၅၃၄ ဘီလီယံကျော်ဖိုးခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်ခဲ့ရာ ခြောက်လအတွင်း ပြန်လည်တည်ဆောက်ပေးနိုင်ခဲ့သည်။ ၂၀၂၄ ခုနှစ်အတွင်း ရာဂီမုန်တိုင်းကြောင့်ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးမှုများကိုလည်း အမြန်ဆုံးပြန်လည်တည်ဆောက်ပေးနိုင်ခဲ့သည်။ မကြာသေးမီကဖြစ်ပေါ်ခဲ့သည့် မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများကိုလည်း အမြန်ဆုံးပြန်လည်ထူထောင်လျက်ရှိသည်။

မြန်မာနိုင်ငံအနေဖြင့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးဖြစ်သည့် မုန်တိုင်းတိုက်ခတ်မှုများ၊ ရေကြီးရေလျှံမှုနှင့် ငလျင်ဘေးဒဏ်ဖြစ်ပေါ်မှုများအပြင် သဘာဝဘေးအန္တရာယ်တွင် အကျုံးဝင်သည့် အကြမ်းဖက်သမားများ၏ အကြမ်းဖက်ဖျက်ဆီးမှုအန္တရာယ်များကိုပါ ကြုံတွေ့ခံစားခဲ့ကြရသည်။ အဆိုပါအန္တရာယ်များကြောင့် ဖြစ်ပေါ်ခဲ့သည့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများကို နိုင်ငံတော်သာမက ဘေးဒဏ်သင့်ပြည်သူများအပြင် နောက်ဆက်တွဲနှင့် ဆက်စပ်မှုများအားလုံးကို ပြည်သူပြည်သားများအားလုံး ကြုံတွေ့ကြရသည်။ သို့သော် ကြုံတွေ့လာသည့် အခက်အခဲအန္တရာယ်များကို စိတ်ပျက်လက်လျှော့ခြင်းမရှိဘဲ ပြည်တွင်းရှိအင်အားများကိုစုစည်း၍ ရင်ဆိုင်ဖြတ်ကျော်ခဲ့၊ ဖြတ်ကျော်လျက်ရှိသည်။

အန္တရာယ်အမျိုးမျိုးတို့ကို ရင်ဆိုင်ဖြတ်ကျော်ကြရာတွင် မိတ်ကောင်းဆွေကောင်းများရှိရေးသည် အရေးကြီးသည့်အချက်ဖြစ်သည်။ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည့် ပြည်ထောင်စုနိုင်ငံအနေဖြင့် မိတ်ကောင်းဆွေကောင်းများကို ပိုင်ဆိုင်ထားသည့် နိုင်ငံတစ်နိုင်ငံဟုဆိုရမည်ဖြစ်သည်။

ယခင်ကဖြစ်ပွားခဲ့သည့် သဘာဝဘေးအန္တရာယ်များကို များသောအားဖြင့် ကိုယ့်ခွန်ကိုယ့်အားဖြင့် ကြိုးပမ်းတည်ဆောက်ခဲ့သော်လည်း မကြာသေးမီကဖြစ်ပွားခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ဆုံးရှုံးမှုများကို ယခင်ကထက်ပိုမိုသော စာနာမှုများ၊ သင်ခန်းစာဖော်ထုတ်မှုများ၊ ဝိုင်းဝန်းအဖြေရှာမှုများဖြင့် ကူညီဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရမည်ဖြစ်သည်။ မန္တလေးငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရချိန်တွင် အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်ပေးရန် လာရောက်ကြသည့် မိတ်ဆွေကောင်းနိုင်ငံများ၊ ဝမ်းနည်းစာနာကြောင်း သဝဏ်လွှာများပေးပို့ကြသည့် နိုင်ငံ့ခေါင်းဆောင်များ၊ ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု၊ စားသောက်နေထိုင်ရေးကဏ္ဍစုံတွင် ပံ့ပိုးကူညီပေးကြသည့်အဖွဲ့အစည်းများနှင့် နိုင်ငံများသည် မြန်မာနိုင်ငံအတွက် မိတ်ကောင်းဆွေကောင်းများပင်ဖြစ်သည်။

ဘေးဒုက္ခအခက်အခဲရောက်နေချိန်တွင် အကူအညီများ အလျင်အမြန်လာရောက်ပေးကြသူများမှာ မိတ်ကောင်းဆွေကောင်းများပင်ဖြစ်သည်။ အခြားတစ်ပါးနိုင်ငံများက လူသားချင်းစာနာထောက်ထားပြီး အားတက်သရော ရိုင်းပင်းကူညီမှုများ ပြုလုပ်ပေးနိုင်လျှင် မိမိတို့နိုင်ငံသားအချင်းချင်းက ပိုမို၍ပင် ရိုင်းပင်းကူညီပေးကြရမည်ဖြစ်သည်။ ဘေးဒုက္ခရောက်ကြသူများအပေါ် အရောင်အသွေး၊ အဆင့်အတန်း၊ အခြေအနေမခွဲခြားဘဲ လူသားအချင်းချင်းပင်ဖြစ်သည်ဟု ကိုယ်နှင့်ထပ်တူထားနိုင် သောစိတ်ထားသည် မွန်မြတ်သောစိတ်ထားများပင်ဖြစ်သည်။ မကူညီနိုင်လျှင်ပင် ကူညီဖေးမနေသူများကို မုဒိတာပွားကြရမည်ဖြစ်သည်။ နိုင်ငံသားအချင်းချင်း မေတ္တာစေတနာထားကာ ပိုမိုရိုင်းပင်းကူညီကြရမည်ဖြစ်သည်။ ဆိုးမွေများအားလုံးကို နိုင်ငံတော်သာမက ပြည်သူများပါ ထိခိုက်ခံစားကြရသည်ကို စာနာနားလည်နိုင်လျှင်ပင် ကောင်းမွန်သောအနာဂတ်ကို မျှော်လင့်နိုင်မည်ဖြစ်သည်။

ဖြစ်ပေါ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများနှင့်ပတ်သက်၍ သင်ခန်းစာများရရှိကြပြီးဖြစ်သည်။ ကိုယ်ချင်းစာစိတ်များလည်း တိုးပွားလာခဲ့ကြပြီဖြစ်သည်။ ထိခိုက်ပျက်စီးဆုံးရှုံးမှုများအလိုက် ထောက်ပံ့ကူညီမှုများ ပြုလုပ်ပေးလျက်ရှိရာ အမှန်တကယ်နစ်နာသူများမကျန်ရအောင်ဆောင်ရွက်ပေးကြရမည်ဖြစ်သည်။

တိုင်းတစ်ပါးမှကူညီကယ်ဆယ်ရေးပစ္စည်းများ အဆက်မပြတ်ရောက်ရှိလျက်ရှိရာ လိုအပ်နေသူများထံအမြန်ဆုံးရောက်ရှိရေး ဆောင်ရွက်ပေးလျက်ရှိသည်။ ဆုံးရှုံးမှုများကိုသင်ခန်းစာယူ၍ အဆောက်အအုံများကို ဆောက်လုပ်ရာတွင် အနာဂတ်ကိုမြော်တွေး၍ ရေရှည်တည်တံ့ခိုင်မြဲအောင် ဆောက်လုပ်ကြရမည်ဖြစ်သည်။

မန္တလေးငလျင်ကြီးကြောင့် မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနယ်မြေနှင့် ရှမ်းပြည်နယ်တို့ရှိ ကိုယ်ပိုင်လုပ်ငန်းများသာမက MSME လုပ်ငန်းများပါ ထိခိုက်ပျက်စီးမှုများရှိသဖြင့် ဒေသတွင်းစီးပွားရေးတွင် ထိခိုက်မှုများရှိသည်။ ထိခိုက်မှုများကို နိုင်ငံတော်အစိုးရနှင့်အတူ သက်ဆိုင်ရာအဖွဲ့အစည်းများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရမည်ဖြစ်သည်။ ပြန်လည်ထူထောင်ရေး၊ စီးပွားရေး ပြန်လည်ဦးမော့လာရေးအတွက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာအကူအညီများ အလျင်အမြန်ပေးနိုင်ရေးအတွက် လူတစ်ဦးချင်းမှသည် အဖွဲ့အစည်းများအနေဖြင့် သဘာဝဘေးဒဏ်သင့် လူ့အသိုက်အဝန်းများအားလုံးကို မွန်မြတ်သောစိတ်ထားဖြင့် စွမ်းဆောင်ရည်ရှိရှိ ထိထိရောက်ရောက် ကူညီပံ့ပိုးပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း။ ။