Skip to main content

မြန်မာ-အိန္ဒိယ ကုန်သွယ်ရေးပူးတွဲကော်မတီ၏ သတ္တမအကြိမ် နှစ်နိုင်ငံ အဆင့်မြင့်အရာရှိကြီးများအဆင့် အစည်းအဝေး ကျင်းပ

နေပြည်တော် အောက်တိုဘာ ၁၆

မြန်မာ-အိန္ဒိယ ကုန်သွယ်ရေးပူးတွဲကော်မတီ၏ သတ္တမအကြိမ် နှစ်နိုင်ငံအဆင့်မြင့် အရာရှိကြီးများအဆင့် (Senior Officials’ Meeting) အစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ Video Conferencing ဖြင့် ကျင်းပသည်။

အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းနှင့် အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးဦးစီးဌာန၊ Joint Secretary Mr. Anant Swarup တို့က ဦးဆောင်ပြုလုပ်ကြသည်။

အစည်းအဝေးတွင် ယခင်နှစ်များ၏ နှစ်နိုင်ငံကုန်သွယ်မှု အခြေအနေများကို ပြန်လည်သုံးသပ်ကာ နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏ တိုးတက်စေရေး၊ ပဲမျိုးစုံအပါအဝင် မြန်မာပို့ကုန်များ အိန္ဒိယနိုင်ငံသို့ ပိုမိုတင်ပို့နိုင်ရေးနှင့် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ကုန်သွယ်မှုတိုးတက်စေရန်အတွက် ယခင်ထက် ပိုမိုပူးပေါင်းဆောင်ရွက် နိုင်သည့် နယ်ပယ်များကို ဖော်ထုတ်ခဲ့ကြပြီး မြန်မာနိုင်ငံသို့ အိန္ဒိယနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာနိုင်ရေး၊ မြန်မာ့အထည်အလိပ်ကဏ္ဍ ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်နိုင်ရေးအတွက် အိန္ဒိယနိုင်ငံမှ ပူးပေါင်းပါဝင် ထောက်ပံ့ကူညီနိုင်ရေး၊ မြန်မာ-အိန္ဒိယ ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက် ကုန်စည်စီးဆင်းမှု လျင်မြန်စေရေးနှင့် ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက်ရှိ လမ်း/တံတားများ အဆင့်မြှင့်တင်နိုင်ရေး၊ ဌာနဆိုင်ရာဝန်ထမ်းများ စွမ်းဆောင်ရည် မြှင့်တင်နိုင်ရေးနှင့် စိုက်ပျိုးမွေးမြူရေး ကဏ္ဍတို့တွင် အိန္ဒိယနိုင်ငံမှ နည်းပညာများ ထောက်ပံ့ပေးနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။    

အစည်းအဝေးတွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ခိုင်မာသည့် ချစ်ကြည်ရင်းနှီးမှုအရ နှစ်နိုင်ငံကုန်သွယ်မှု ပိုမိုချောမွေ့စေရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးနိုင်ခဲ့ကြပြီး နှစ်နိုင်ငံအတွက် အပြန်အလှန် အကျိုးဖြစ်ထွန်းကာ အောင်မြင်သည့် အဆင့်မြင့်အရာရှိကြီးများအဆင့် အစည်းအဝေးတစ်ခုဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်