Skip to main content

ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ

နေပြည်တော် မေ ၂၈

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်သည် တာဝန်ရှိသူများနှင့်အတူ မန္တလေးမြို့ မန္တလေးတောင်တော်သို့ သွားရောက်ပြီး ငလျင်ဒဏ်သင့်၍ ထိခိုက်ပျက်စီးခဲ့သော သာသနိကအဆောက်အအုံများနှင့် ဘုရား၊ စေတီပုထိုးများ၌ အပျက်အစီးများ ရှင်းလင်းဖယ်ရှားဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် Sky Villa နေရာသို့ သွားရောက်၍ အပျက်အစီးများ ရှင်းလင်းရန် ကျန်ရှိသည့် “ A ” ဆောင်ကို ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု၊ ဖြိုဖျက်ပြီးသော အဆောက်အအုံနေရာများတွင် အပျက်အစီးများ ဖယ်ရှားရှင်းလင်းနေမှု၊ လုပ်ငန်းခွင်အနီးရှိ ပစ္စည်းလက်ခံ/ လွှဲပြောင်းရေးအဖွဲ့ယာယီရုံး၌ Sky Villa အဆောက်အအုံအပျက်အစီးများကို ရှာဖွေကယ်ဆယ်ရေးအဖွဲ့များက ဖယ်ရှားရှင်းလင်းစဉ်တွေ့ရှိခဲ့သော ပစ္စည်းများကို ပစ္စည်းလက်ခံရှာဖွေစုဆောင်းရေးနှင့် ပြန်လည်အပ်နှံရေးအဖွဲ့ထံသို့ စနစ်တကျအပ်နှံမှုနှင့် ထိန်းသိမ်းထားရှိမှုများနှင့် သက်ဆိုင်ရာပိုင်ရှင်များ လက်ဝယ်သို့ ပြန်လည်လွှဲပြောင်းပေးနိုင်မှုတို့ကို ကြည့်ရှုစစ်ဆေး၍ စားသောက်ဖွယ်ရာများပေးအပ်ကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် ချမ်းအေးသာစံမြို့နယ်နှင့် မဟာအောင်မြေမြို့နယ်အတွင်းရှိငလျင်ဒဏ်သင့်၍ ထိခိုက်ပျက်စီးခဲ့သောအန္တရာယ်ရှိ အဆောက်အအုံများကို ဖြိုချပြီး အပျက်အစီးများ အပြီးသတ်ရှင်းလင်းနေမှုနှင့် ဖြိုချဖျက်ဆီးဆဲအန္တရာယ်ရှိ အဆောက်အအုံများ၌ စက်ယန္တရားကြီးများ အသုံးပြု၍ အင်တိုက်အားတိုက် ရှင်းလင်းရေးဆောင်ရွက်နေမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့ အမရပူရမြို့နယ် တိုးချဲ့ (၄) ရပ်ရှိ တြိရတနာမဟာအောင်မြေမြတ်စွာဘုရား ခြောက်ဆူကုန်းတော်သို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသော စေတီပုထိုးများနှင့် ဘုရားပရဝဏ်အတွင်းရှိ ရှေးဟောင်းအုတ်ကျောင်းတော်ကြီးတို့၌ တပ်မတော်သားများက ဖယ်ရှားရှင်းလင်းနေမှုတို့ကို ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ အမရပူရမြို့နယ် မှန်တန်းရပ်ရှိ မင်းတုန်းမင်းမယ်တော်ပြာအိုးအုတ်ဂူ၊ ဝါးတန်းမြောက်အရပ်ရှိ သက်တော်ရသက်တော်ရှည်မြတ်စွာဘုရား၊ မှန်တန်းရပ်ရှိ ပင်မပတ္တမြားရိပ်သာနှင့် မဟာဝေယံဘုံသာဗားကရာကျောင်းတော်ကြီးတို့၌ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် အပျက်အစီးများအား အဖွဲ့အစည်းအသီးသီးက ရှင်းလင်းဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဖြိုချဖျက်ဆီးဆဲအန္တရာယ်ရှိ အဆောက်အအုံအပျက်အစီးများအား စက်ယန္တရားကြီးများ အသုံးပြုရာတွင် Orienyal Highway Company နှင့် မြန်မာပြည်ဖွားတရုတ်ဟုတ်ကြန့် မျိုးနွယ်များက ပူးပေါင်းရှင်းလင်းဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ပင်မပတ္တမြားရိပ်သာဆရာတော်ကြီးများအား အလှူငွေနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်သည် စဉ့်ကိုင်မြို့နယ်ရှိ မြစိမ်းရောင်ခန်းမ၌ ဒေသခံပြည်သူများအား “ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အအုံများ ဆောက်လုပ်နိုင်ရေးအသိပညာပေးဟောပြောပွဲ သို့ တက်ရောက်၍ အဆောက်အအုံများ ပြန်လည်တည်ဆောက်ရာတွင် တည်ဆောက်ရမည့်နည်းလမ်းများ၊ လုပ်ငန်းစဉ်များနှင့် အသုံးပြုရမည့် ပစ္စည်းများကို ကျွမ်းကျင်သူများနှင့် တိုင်ပင်၍ ပြုလုပ်ဆောင်ရွက်သွားရန် အသေးစိတ်ဆွေးနွေး၍ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးပြီး ဒေသခံပြည်သူများ၏ သိရှိလိုသည့်အချက်များကို တာဝန်ရှိသူများက ရှင်းလင်းပြောကြားသည်။

ယင်းနောက် စဉ့်ကိုင်မြို့နယ်အတွင်းရှိ ငလျင်ဘေးဒဏ်ကြောင့် ပျက်စီးသွားသောဘုရားစေတီများ၊ သာသနိကအဆောက်အအုံများနှင့် လူနေအဆောက်အအုံများ ပြန်လည်ပြုပြင်တည်ဆောက်ရေးအတွက် လိုအပ်လျက်ရှိသော ဘိလပ်မြေ၊ သံချောင်းနှင့် အထပ်သားပြားများကို စက်ရုံထုတ်အထူးဈေးနှုန်းဖြင့် ရောင်းချပေးနေမှုအခြေအနေများအား သွားရောက်ကြည့်ရှုကြသည်။

ထို့နောက် စဉ့်ကိုင်မြို့နယ် အိုးထိန်းတောင်ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း (အိုးထိန်း တောင်) ကျောင်းဝင်းအတွင်းနှင့် စိတ္တရကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း (စိတ်တ္တရ) ကျောင်းဝင်းအတွင်းတို့၌ ယာယီကျောင်းဆောင်သစ်များ ဆောက်လုပ်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ စဉ့်ကိုင်မြို့နယ် မြေစာရင်းဦးစီးဌာန ရုံးဝင်းအတွင်းရှိ Modular Container House များဖြင့် (ယာယီ) ရုံးဆောက်လုပ်ပြီးစီးမှုအခြေအနေများနှင့် ရုံးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်