ယခုအခါ မြန်မာနိုင်ငံတစ်နိုင်ငံလုံး မုတ်သုံရာသီကာလရောက်ရှိခဲ့ပြီဖြစ်သည်။ မုတ်သုံရာသီကာလများအတွင်း မြန်မာနိုင်ငံ၌ကြုံတွေ့နိုင်သည့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့ကို ကြိုတင်ကာကွယ် သတိပြုဆောင်ရွက်ထားကြရမည်ဖြစ်သည်။ မုတ်သုံရာသီကာလတွင် အထူးသဖြင့် လေဖိအားနည်းရပ်ဝန်းများ၊ ဆိုင်ကလုန်းမုန်တိုင်းများကြောင့် မိုးသည်းထန်စွာရွာသွန်းမှုဖြစ်စဉ်များနှင့်အတူ ကြုံတွေ့ခဲ့ဖူးသည့် ရေကြီးရေလျှံ သဘာဝဘေးအန္တရာယ်များ၊ မြေပြိုမှုဖြစ်စဉ်များကို သတိပြုရမည်ဖြစ်သည်။
ယနေ့အချိန်အခါတွင် မိုးလေဝသဌာနမှ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေကာ အဆိုပါလေဖိအားနည်းရပ်ဝန်းသည် မြောက်ဘက်သို့ ဖြည်းညင်းစွာရွေ့လျားနိုင်ပြီး ပိုမိုအားကောင်းလာနိုင်သည်ဟု ခန့်မှန်းထားသည်။ အဆိုပါလေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့်လည်းကောင်း၊ မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းနေခြင်းကြောင့်လည်းကောင်း၊ အပူပြန်တက်တိမ်များ ဖြစ်ထွန်းမှုအားကောင်းခြင်းကြောင့်လည်းကောင်း မြန်မာနိုင်ငံတစ်ဝန်းအချို့ဒေသများ၌ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး အချို့ဒေသများ၌ နေရာကွက်၍ မိုးကြီးနိုင်သည်ဟု ခန့်မှန်းထားသည်။
သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံ၌ မကြာသေးမီကာလများအတွင်း အတွေ့အကြုံများစွာ ရရှိခဲ့ပြီးဖြစ်သည်။ ကြုံတွေ့လာရသော သဘာဝဘေးအန္တရာယ်များအလိုက် ထိခိုက်ဆုံးရှုံးမှုများ အနည်း/အများရှိခဲ့သော်လည်း ကြိုတင်ပြင်ဆင်စီမံခန့်ခွဲမှုစနစ်တကျရှိသောကြောင့် ထိခိုက်ဆုံးရှုံးမှုသက်သာစေခြင်း၊ အလျင်အမြန်ဖြေရှင်းနိုင်ခြင်းများ ဆောင်ရွက်နိုင်ခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ရောဂါကဲ့သို့ ကပ်ရောဂါကြုံတွေ့ရမှု၊ ရာသီဥတုဖောက်ပြန်မှု၊ ပဋိပက္ခများကြုံတွေ့ရမှု၊ မုန်တိုင်းဒဏ်ခံရမှု၊ ငလျင်ဘေးဒဏ်ခံရမှု၊ ရေကြီးရေလျှံနှင့် မြေပြိုမှုများ ဖြစ်ပေါ်မှုစသည်တို့ကြောင့် ဆုံးရှုံးခဲ့ရမှုများ များစွာဖြစ်ခဲ့ရသကဲ့သို့ ပြည်သူများအနေဖြင့်လည်း တစ်ဦးချင်း ထိခိုက်နစ်နာဆုံးရှုံးမှုများဖြစ်ခဲ့သည်။
၂၀၂၃ ခုနှစ်တွင် ရခိုင်ပြည်နယ်၌ မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ခဲ့သည်။ ထိခိုက်မှုအနေဖြင့် ငွေကျပ် ၅၃၄ ဒသမ ၁၄၆ ဘီလီယံဖိုး ဆုံးရှုံးခဲ့ပြီး ပြည်သူတို့၏ ကုန်ကျမှုမပါဘဲ နိုင်ငံတော်အစိုးရဘတ်ဂျက်မှ ငွေကျပ် ၇၃ ဒသမ ၇၉၇ ဘီလီယံကျော်ဖိုး ပြန်လည်ပြုပြင်ထောက်ပံ့ပေးခဲ့သည်။ ထို့အတူ ၂၀၂၄ ခုနှစ်တွင် ရာဂီမုန်တိုင်းအရှိန်ကြောင့်ဖြစ်ခဲ့သည့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များဆုံးရှုံးခဲ့ရသည်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ငွေကျပ် ၄၆၆ ဒသမ ၂၃၁ ဘီလီယံကျော် ဆုံးရှုံးခဲ့ရပြီး ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ငွေကျပ် ၅၄ ဒသမ ၈၀၇ ဘီလီယံ ထောက်ပံ့ပေးခဲ့ရသည်။
ယခုနှစ် မတ်လ ၂၈ ရက်နေ့တွင်ဖြစ်ပေါ်ခဲ့သည့် မန္တလေးငလျင်ကြောင့် ငွေကျပ် ၃၆၂၉ ဒသမ ၂၈၈ ဘီလီယံဖိုး ပျက်စီးဆုံးရှုံးခဲ့ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေဆဲဖြစ်သည်။ ဖော်ပြပါ သဘာဝဘေးအန္တရာယ်များကျရောက်မှုကြောင့် နိုင်ငံတော်က အကုန်အကျခံပေးရသည့် ငွေပမာဏကို ခန့်မှန်းကြည့်နိုင်သည်။ သဘာဝဘေးအန္တရာယ်တွင် အကျုံးဝင်သည့် လက်နက်ကိုင်အကြမ်းဖက်အဖျက်သမားများကြောင့် နိုင်ငံတော်၏ ထိခိုက်ဆုံးရှုံးမှုများမှာ အမြောက်အမြားရှိနိုင်သည်။ အဆိုပါသဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့ ကြုံတွေ့ခဲ့ရခြင်းမရှိပါက မြန်မာနိုင်ငံအနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ယခုထက် ပိုမိုဖော်ဆောင်နိုင်ပြီး တိုင်းပြည်အတွက် များစွာအကျိုးရှိမည်ဖြစ်သည်။ ထို့ကြောင့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများ အနည်းဆုံးဖြစ်စေရေးအတွက် ကြိုတင်ပြင်ဆင်မှုအားကောင်းစွာဖြင့် စနစ်တကျဝိုင်းဝန်းပူးပေါင်းလက်တွဲ ကာကွယ်ထားနိုင်ရန် လိုအပ်သည်။
ယနေ့ကာလတွင် အကြမ်းဖက်အဖျက်သမားများ၏ နှောင့်ယှက်ဖျက်ဆီးမှုများကြောင့် ထိခိုက်ဆုံးရှုံးမှုများကို တွေ့မြင်နိုင်သည်။ ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြစ်စေရန်အတွက် အကြမ်းဖက်သမားများကို စုစည်းညီညွတ်သောအားဖြင့် ကာကွယ်ရမည်ဖြစ်သလို ငြိမ်းချမ်းရေးရရှိအောင်လည်း ဆောင်ရွက်ကြရမည်ဖြစ်သည်။ ယခုအခါ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ် ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားသဖြင့် ဖြစ်ပွားနိုင်သောဒေသများ၌ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည်ဖြစ်သည်။
သို့ဖြစ်ရာ သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့သည် ထိခိုက်ဆုံးရှုံးမှုများကို အနည်းနှင့်အများ ဖြစ်ပေါ်စေနိုင်သဖြင့် သဘာဝဘေးအန္တရာယ်နှင့်ကြုံတွေ့ရပါက ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင် မဖြစ်မီကစနစ်တကျ ကြိုတင်ကာကွယ်တားဆီးထားနိုင်ရေးကို စုစည်းညီညွတ်မှုစွမ်းအားဖြင့် နိုင်ငံတော်အစိုးရနှင့်အတူ အားလုံးဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။