နေပြည်တော် မေ ၂၇
၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တက်ရောက်မည့် စွမ်းအင်ဝန်ကြီးဌာန၏ ဝန်ထမ်းသား/သမီးများ ပညာသင်ကြားရန် ကျောင်းသုံးပစ္စည်းများနှင့် ပညာသင်ထောက်ပံ့ကြေးများပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စွမ်းအင်ဝန်ကြီးဌာန ရတနာခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီးရုံးညွှန်ကြားရေးမှူးချုပ်၊ ဦးစီးဌာန/ လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
တွန်းအားပေးဆောင်ရွက်
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က နိုင်ငံတော်အနေဖြင့် ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းအပ်နှံရေးတွန်းအားပေး ဆောင်ရွက်နေသကဲ့သို့ စာရေးကိရိယာ၊ သင်ရိုးညွှန်းတမ်းစာအုပ်၊ ပညာသင်ကြေး စသည်တို့ကို အခမဲ့ထောက်ပံ့ပေးနေပါကြောင်း၊ လူငယ်များအနေဖြင့်လည်း “ပညာရွှေအိုးလူမခိုး” “ပညာရဲရင့်ပွဲလယ်တင့်” ဆိုသည့် ဆိုရိုးစကားများနှင့်အညီ ပညာသင်ယူတတ်မြောက်မှသာ အသိပညာဗဟုသုတကြွယ်ဝပြီး လက်တွေ့ဘဝတွင် တွေ့ကြုံလာမည့် အဆိုးအကောင်းများကို ဝေဖန်ပိုင်းခြားနိုင်စွမ်း ရှိမည်ဖြစ်ပါကြောင်း၊ ပညာတတ်လူသားအရင်းအမြစ်များဖြင့်သာ နိုင်ငံတော်ကို တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် “လက်ဦးဆရာမည်ထိုက်စွာ ပုပ္ဗာစရိယမိနှင့်ဖ” ဆိုသည့် ဆိုရိုးစကားနှင့်အညီ မိဘတိုင်းမိမိတို့၏ သား/သမီးများ ပညာတတ်မြောက်ရန်တင်မကဘဲ ဗလငါးတန်နှင့်ပြည့်စုံစေရန် ပြုစုပျိုးထောင်ပေးစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် မူကြိုမှ Grade -12 အထိ တက်ရောက်ကြမည့် ကျောင်းသား ကျောင်းသူများအား ကျောင်းသုံးပစ္စည်းများနှင့် ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်သည်။
ထောက်ပံ့ပေးအပ်
ယနေ့အခမ်းအနားတွင် စွမ်းအင်ဝန်ကြီးဌာန၏ ဝန်ထမ်းသားသမီးများမှ မူကြို ၁၃၈ ဦး၊ မူလတန်း ၂၄၈၇ ဦး၊ အလယ်တန်း ၁၃၄၀၊ အထက်တန်း ၁၁၅၅ ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ ၅၁၂၀ အတွက် ပညာသင်ထောက်ပံ့ကြေးငွေကျပ် ၇၄၄၂၄၀၀၀ အပြင် စာအုပ်၊ စာရေးကိရိယာ၊ ကျောင်းသုံးလွယ်အိတ် စသည့်ကျောင်းသုံးပစ္စည်းများနှင့် ပညာသင်အထောက်အကူပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်