Skip to main content

ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြည်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ

နေပြည်တော် မေ ၂၇

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ ပတ္တမြားရပ်ကွက်ရှိ စက်မှုဇုန် (၆) လမ်း ကိုယ့်အားကိုယ်ကိုးကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများ တက်ရောက်၍ အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူများသည် ပတ္တမြားရပ်ကွက်ရှိ ကျင်းရှင်းနည်ပညာစစ်ကိုင်းကုမ္ပဏီစက်ရုံအတွင်း ဖုန်းအားသွင်ကြိုးထုတ်လုပ်နေမှုများအား လှည့်လည်ကြည့်ရှုခဲ့ပြီး ယူကရိန်းသံရည်ကျိုစက်ရုံအတွင်း သံရည်ကျိုလုပ်ငန်းများ၊ ဟင်းဂလိုင်းလုပ်ငန်းများနှင့် ပန်းလုံးလုပ်ငန်းလုပ်ကိုင်နေမှု အခြေအနေများကို လိုက်လံကြည့်ရှုအားပေးကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ တောင်ဖီလာတောင်ရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော ပတ္တမြားစေတီအား ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအားလည်းကောင်း၊ ဝါးချက်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ရှိ တာဝန်ထမ်းဆောင်နေကြသော ဆရာ/ဆရာမများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးနေမှုကို ကြည့်ရှုအားပေးပြီး ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော ကျောင်းဆောင်အဆောက်အဦများနှင့် ယာယီကျောင်းဆောင်သစ်ဆောက်လုပ်နေမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကိုထိုက်တို့သည် တာဝန်ရှိသူများ လိုက်ပါလျက် မန္တလေးမြို့၊ နန်းမြို့တွင်းရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော နန်းမြို့ဆုတောင်းပြည့်စေတီတော်မြတ်ကြီး၊ ကန္ဓကုဋိတိုက်၊ အာရုံခံတန်ဆောင်းနေရာများ၌ ရှေးမူမပျက်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

၎င်းနောက် ချမ်းအေးသာစံမြို့နယ်ရှိ ယခင်မင်္ဂလာဈေးနေရာတွင် ငလျင်ဘေးသင့်ပြည်သူများအတွက် ကုမ္ပဏီအသီးသီးမှ အိမ်ဆောက်ပစ္စည်းများအား စက်ရုံထုတ်အထူးဈေးနှုန်းဖြင့် ပြင်ပပေါက်ဈေးထက် သက်သာစွာ ရောင်းချပေးနေမှုအခြေအနေများအားလည်းကောင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ “ဆ” ရပ်ကွက်ရှိ CROWN ဘိလပ်မြေအရောင်းဌာနသို့လည်းကောင်း၊ “ဋ” ရပ်ကွက်ရှိ ကြံ့နှစ်ကောင်ဘိလပ်မြေအရောင်းဌာနများသို့ သွားရောက်၍ ငလျင်ဒဏ်သင့်ပြည်သူများ လက်ဝယ်သို့ ဘိလပ်မြေအိပ်များ ပြင်ပပေါက်ဈေးထက်သက်သာစွာ တိုက်ရိုက်ရောင်းချပေးနေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့မိမြို့ဖများနှင့် တွေ့ဆုံ၍ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် အောင်မြေသာစံမြို့နယ်အတွင်းရှိ ငလျင်ဒဏ်သင့်၍ ထိခိုက်ပျက်စီးခဲ့သော ဖြိုချဖျက်ဆီးပြီး အန္တရာယ်ရှိ အဆောက်အအုံများအား အပျက်အစီးများ အပြီးသတ်ရှင်းလင်းနေမှုအခြေအနေများအားလည်းကောင်း၊ လိုက်လံကြည့်ရှုစစ်ဆေး၍ လုပ်ငန်းခွင်အန္တရာယ်မရှိစေရေး စနစ်တကျပြုလုပ်ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အောင်မြေသာစံရပ်ကွက်၊ မဟာဒီပဲရင်းကျောင်းတိုက်များသို့လည်းကောင်း၊ ချမ်းမြသာစည်မြို့နယ် တမ္ပဝတီရပ်ကွက်ရှိ ရှင်လွန်းမယ်ဘုရားသို့လည်းကောင်း၊ အမရပူရမြို့နယ်၊ မှန်တန်းရပ်ရှိ မဟာဝိဇယရံသီပုထိုးတော်ကြီး မြတ်စွာဘုရားသို့လည်းကောင်း၊ ဆင်စွယ်ပွတ်ကျေးရွာရှိ သတ္တဌာနဘုရားနှင့် တောင်သမန်းကျေးရွာရှိ မဟာသကျရံသီကျောက်တော်ကြီး မြတ်စွာဘုရားများသို့လည်းကောင်း သွားရောက်၍ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသော အပျက်အစီးများအား တပ်မတော်သားစစ်သည်များမှ ဖယ်ရှားရှင်းလင်းနေမှုအခြေအနေများအားလည်းကောင်း၊ စက်ယန္တရားကြီးများ အသုံးပြု၍ ရှင်းလင်းဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း၊ အပျက်အစီးများ ရှင်းလင်းဆောင်ရွက်ရာတွင် ထပ်မံသိမ်းဆည်းရရှိသော ဌာပနာပစ္စည်းများအား စနစ်တကျသိမ်းဆည်ထားရန်တို့ကိုလည်းကောင်း၊ သွားရောက်ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်သည် ကျောက်ဆည်မြို့၊ မြို့တော်ခန်းမ၌ ဒေသခံပြည်သူများအား “ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အဦများ ဆောက်လုပ်နိုင်ရေးအသိပညာပေးဟောပြောပွဲ” သို့ တက်ရောက်ပြီး အဆောက်အဦများ ပြန်လည်တည်ဆောက်နိုင်ရေးအတွက် ရဟန်းသံဃာများ၊ ဒေသခံပြည်သူများအား အဆောက်အအုံများ ပြန်လည်တည်ဆောက်ရာတွင် တည်ဆောက်ရမည့် နည်းလမ်းများ၊ လုပ်ငန်းစဉ်များနှင့် အသုံးပြုရမည့် ပစ္စည်းများအား ကျွမ်းကျင်သူများနှင့် တိုင်ပင်၍ ပြုလုပ်ဆောင်ရွက်သွားရန် အသေးစိတ်ဆွေးနွေးခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် ဒေသခံပြည်သူများမှ သိရှိလိုသည့်အချက်များအား တာဝန်ရှိသူများမှ ရှင်းလင်းပြောကြားခဲ့ပါသည်။

၎င်းနောက် ကျောက်ဆည်မြို့၊ ခရိုင်တရားရုံးနှင့် ဆူးကုန်းရပ်ကွက်ရှိ ခရိုင်စုပေါင်းရုံးအတွင်း၌ Modular Container House များဖြင့် (ယာယီ) ရုံးဖွင့်လှစ်ပြီး ရုံးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် တပ်ဆင်ဆောက်လုပ်နေမှုအခြေအနေများအားလည်းကောင်း၊ ဖောင်ရွာရပ်ကွက်ရှိ ဗြဟ္မဝိဟာရဗိဗ္ဗာန်၌ စာဖြေသံဃာတော်များအတွက် ၄ ထပ်ဆောင်အား ပြန်လည်ပြုပြင်ရန်အတွက် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းနှင့် စာဖြေခုံများ နေရာရွှေ့ပြောင်းပို့ဆောင်နေမှုများအားလည်းကောင်း၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ငလျင်ဘေးဒဏ်ကြောင့် ပျက်စီးသွားသော ဘုရားစေတီများ၊ သာသနိကအဆောက်အဦများနှင့် လူနေအဆောက်အအုံများ ပြန်လည်ပြုပြင်တည်ဆောက်ရေးအတွက် လိုအပ်လျက်ရှိသော ဘိလပ်မြေ၊ သံချောင်းနှင့် အထပ်သားပြားများအား စက်ရုံထုတ်အထူးဈေးနှုန်းဖြင့် ရောင်းချပေးနေမှုအခြေအနေများအား သွားရောက်ကြည့်ရှုခဲ့ပြီး ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။