နေပြည်တော် မေ ၂၆
စက်မှုကျွမ်းကျင် တစ်နှစ်သင်တန်း အမှတ်စဉ်(၁၃)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး အမှတ်(၂)စက်မှုသင်တန်းကျောင်း(မန္တလေး)၌ ကျင်းပသည်။
တက်ရောက်
အခမ်းအနားသို့စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ဌာနဆိုင်ရာတာဝန်ရှိသူများက Virtual စနစ်ဖြင့် တက်ရောက်ကြပြီး မန္တလေးတိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်နှင့် တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းနှင့် မန္တလေးစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ သင်တန်းကျောင်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည့် ကျုံးမိန်ကုမ္ပဏီမှ တာဝန်ရှိသူများ၊ စက်မှုဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းနည်းပြ ဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက မောင်တို့မယ်တို့ ယခုတက်ရောက်မည့် အပတ်စဉ်သည် သင်တန်းကျောင်း အဆင့်မြှင့်တင်ပြီးနောက် ပထမဆုံးဖွင့်လှစ်သည့် အပတ်စဉ်ဖြစ်သည့်အတွက် စက်ပစ္စည်းကိရိယာများသည်လည်း ခေတ်မီသော စက်ပစ္စည်းအသစ်များဖြစ်ပြီး သင်ကြားပို့ချပေးမည့် ဆရာ ဆရာမများသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် သင်တန်း တက်ရောက်ထားပြီး အတွေ့အကြုံရင့်ကျက်သည့် ဆရာ ဆရာမများဖြစ်ကြောင်း၊ သင်တန်း တက်ရောက်မည့် မောင်တို့မယ်တို့အနေဖြင့် နိုင်ငံတော်၏ စေတနာကိုနားလည်ပြီး သင်တန်းကို အောင်မြင်ပြီးဆုံးအောင် တက်ရောက်ကြရန်နှင့် သင်ကြားပေးမည့် စာတွေ့၊ လက်တွေ့ သင်ခန်းစာများကို စိတ်ဝင်တစားအစွမ်းကုန် ကြိုးစားလေ့လာကြရန်၊ ယနေ့ကမ္ဘာ့စက်မှု နည်းပညာများသည် အလွန်ဖွံ့ဖြိုးတိုးတက်လျက်ရှိသဖြင့် အမီလိုက်နိုင်ရန် ကိုယ်သိရှိလိုက်သည့် ပညာရပ်ကိုအခြေခံပြီး တီထွင်ကြံဆနိုင်မှု၊ လေ့လာဆန်းသစ်မှု၊ စဉ်ဆက်မပြတ်သင်ယူ လေ့လာမှုများကိုပြုလုပ်ရန်၊ သင်တန်းသားများအနေဖြင့် သင်တန်းကျောင်းမှ ချမှတ်ထားသောစည်းကမ်းများကို စနစ်တကျလေးစားလိုက်နာကြရန်၊ သင်တန်းကာလအတွင်း သင်ကြားပို့ချပေးသော ပညာရပ်များကို တတ်မြောက်ကျွမ်းကျင်ရန်နှင့် စည်းကမ်းကောင်းမွန်ပြီး အရည်အချင်းပြည့်ဝသော စက်မှုကျွမ်းကျင်လုပ်သားကောင်းများဖြစ်အောင် ကြိုးစားအားထုတ် လေ့ကျင့်သွားကြရန် ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီးက သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
အမှတ်(၂) စက်မှုသင်တန်းကျောင်း (မန္တလေး)ကို စက်မှုဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Institute of Project Planning & Research Engineering Inter-national (IPPR)တို့ နှစ်နိုင်ငံစီးပွားရေးနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီ အစဉ်အရ ၂၀၀၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး စက်မှုကျွမ်းကျင်တစ်နှစ် သင်တန်းအမှတ်စဉ် (၁)မှ (၁၂)အထိ သင်တန်းသား သင်တန်းသူ ၁၇၃၆ ဦးကို စက်မှုကျွမ်းကျင်သူများအဖြစ် လေ့ကျင့်ပျိုးထောင်ပေးခဲ့ပြီးဖြစ်ကြောင်းနှင့် သင်တန်းအမှတ်စဉ်(၁၃)ကို ၂၀၂၅ ခုနှစ် မေ ၂၆ ရက်မှ ၂၀၂၆ ခုနှစ် ဧပြီ ၁၀ ရက်အထိ တစ်နှစ်ကြာဖွင့်လှစ်၍ ဘာသာရပ်ခြောက်ခုကို စာတွေ့၊ လက်တွေ့ လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်