Skip to main content

ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ နိုင်ငံသားများအား အပြည်ပြည်ဆိုင်ရာ တရားစီရင်ရေးအလွဲသုံးစားပြုလုပ်၍ တရားစီရင်ခြင်းမှ အပြန်အလှန် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်နှင့် လုပ်ထုံးလုပ်နည်းများဆိုင်ရာ နောက်ဆက်တွဲစာချုပ် လက်မှတ်ရေးထိုးခြင်းအခမ်းအနားတက်ရောက်

နေပြည်တော် မေ ၂၅

ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားရေးဝန်ကြီးဌာနဝန်ကြီး H.E.Mr.Kostantin Chuychenko ၏ ဖိတ်ကြားချက်အရ မေ ၁၉ ရက်မှ ၂၁ ရက်အထိ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာဇဘတ်မြို့၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားရေးဝန်ကြီးဌာနကကျင်းပသည့် (၁၃) ကြိမ်မြောက် စိန့်ပီတာဇဘတ် အပြည်ပြည်ဆိုင်ရာဥပဒေရေးရာဖိုရမ်၊ နိုင်ငံသားများအား အပြည်ပြည်ဆိုင်ရာ တရားစီရင်ရေးအလွဲသုံးစားပြုလုပ်၍ တရားစီရင်ခြင်းမှ အပြန်အလှန်အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခြင်းအခမ်းအနားနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံရှေ့နေချုပ် H.E. Mr. IGOR KRASNOV ၏ ဖိတ်ကြားချက်အရ မေ ၂၃ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးကကျင်းပသည့် နှစ်နိုင်ငံအစည်းအဝေး၊ နိုင်ငံသားများအား အပြည်ပြည်ဆိုင်ရာတရားစီရင်ရေး အလွဲသုံးစားပြုလုပ်၍ တရားစီရင်ခြင်းမှ အပြန်အလှန်အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်၏ လုပ်ထုံးလုပ်နည်းများဆိုင်ရာ နောက်ဆက်တွဲ စာချုပ်လက်မှတ်ရေးထိုးခြင်းအခမ်းအနား၊ နှစ်နိုင်ငံဥပဒေရေးရာ ကျွမ်းကျင်သူများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။

အဆိုပါ အပြည်ပြည်ဆိုင်ရာဥပဒေရေးရာဖိုရမ်၏ “အပြည်ပြည်ဆိုင်ရာ ဆိုက်ဘာပြစ်မှုများအား တိုက်ဖျက်ခြင်း ခေါင်းစဉ်ဖြင့်ကျင်းပသော ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ်ဒေါက်တာသီတာဦးက ဆိုက်ဘာပြစ်မှုများ၊ ဒစ်ဂျစ်တယ်နည်းပညာကိုအသုံးပြု၍ ကျူးလွန်သောပြစ်မှုများ၊ အွန်လိုင်းလိမ်လည်မှုများနှင့် လူကုန်ကူးမှုကျူးလွန်သည့် ပြစ်မှုများသည် နိုင်ငံဖြတ်ကျော်သည့်ပြစ်မှုများဖြစ်ပြီး ကမ္ဘာပေါ်တွင် လူ့အသိုင်းအဝိုင်းကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် အမှုဖြစ်စဉ်များ နေ့စဉ်နှင့်အမျှ မြင့်တက်လျက်ရှိကြောင်း၊ အဆိုပါ ပြစ်မှုများကို နိုင်ငံတစ်နိုင်ငံတည်းက ဖြေရှင်း၍မရနိုင်ဘဲ နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဖြေရှင်းရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အာဆီယံပဋိညာဉ်စာချုပ်နှင့်အညီ အခြားသော အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံဖြတ်ကျော်ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်းနှင့် ဥပဒေရေးရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် ဉာဏ်ရည်တုနည်းပညာဖြစ်သော AI နည်း ပညာကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာဖိုရမ်၏ ဥပဒေရေးရာဝန်ကြီးများ အစည်းအဝေးတွင် ပါဝင်ဆွေးနွေးခဲ့သည်။

ထို့ပြင် (၁၃) ကြိမ်မြောက် စိန့်ပီတာဇဘတ် အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာဖိုရမ်ကျင်းပနေစဉ်အတွင်း နိုင်ငံသားများအား အပြည်ပြည်ဆိုင်ရာ တရားစီရင်ရေးအလွဲသုံးစားပြုလုပ်၍ တရားစီရင်ခြင်းမှ အပြန်အလှန်အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်အား လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားရေးဝန်ကြီးဌာနမှ ဝန်ကြီး H.E. Mr. Kostantin Chuychenko တို့ တက်ရောက်၍ စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

မေ ၂၃ ရက်တွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံရှေ့နေချုပ် H.E. Mr. IGOR KRASNOV ၏ ဖိတ်ကြားချက်အရ မော်စကိုမြို့သို့သွားရောက်၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ် H.E. Mr. IGOR KRASNOV နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ဆက်လက်၍ နိုင်ငံသားများအား အပြည်ပြည်ဆိုင်ရာ တရားစီရင်ရေးအလွဲသုံးစားပြုလုပ်၍ တရားစီရင်ခြင်းမှ အပြန်အလှန်အကာအကွယ်ပေးရေး ဆိုင်ရာသဘောတူစာချုပ်၏ လုပ်ထုံးလုပ်နည်းများဆိုင်ရာ နောက်ဆက်တွဲစာချုပ် လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံရှေ့နေချုပ် H.E. Mr. IGOR KRASNOV တို့ကတက်ရောက်၍ စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

ထို့နောက် ဥပဒေရေးရာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးတို့အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စာချွန်လွှာအရ အကောင်အထည်ဖော်ဆောင်ရွက်မည့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အစီအစဉ် (၂၀၂၄-၂၀၂၅) အရ ၂၀၂၅ ခုနှစ်အတွက် အကောင်အထည်ဖော်ဆောင်ရွက်သည့် နှစ်နိုင်ငံဥပဒေရေးရာ စကားဝိုင်းဆွေးနွေးပွဲသို့ နှစ်နိုင်ငံကိုယ်စားလှယ်များက တက်ရောက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်