နေပြည်တော် မေ ၂၅
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ ရွှေရည်မွန်ထုတ်လုပ်မှုကုမ္ပဏီလီမိတက်၏ အိုးဝေကော်ဖီနှင့် ကော်ဖီဗမာ ထုတ်လုပ်သည့်လုပ်ငန်းသို့ရောက်ရှိပြီး အသင့်သောက်သုံးနိုင်သည့် ကော်ဖီများထုတ်လုပ်နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ထုတ်ကုန်ပစ္စည်းများအား စားသုံးသူများ ယုံကြည်စိတ်ချစွာ ဝယ်ယူအသုံးပြုနိုင်ရေးအတွက် ထုပ်ပိုးခွံများတွင် ကုန်အမှတ်တံဆိပ်နှင့် ပါဝင်ပစ္စည်းများကို ဖော်ပြရမည်ဖြစ်ကြောင်း၊ စားသောက်ကုန်ထုတ်လုပ်သည့်လုပ်ငန်းဖြစ်၍ ကောင်းမွန်သည့်ထုတ်လုပ်မှုကျင့်စဉ် (GMP) များနှင့်အညီ တိတိကျကျလိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မြန်မာ့ကော်ဖီသည် ကမ္ဘာ့နိုင်ငံများတွင် နာမည်ကောင်းရရှိပြီးဖြစ်၍ အရည်အသွေး စီမံခန့်ခွဲမှုစနစ်များ ထူထောင်ထားရှိပြီး ပိုမိုတင်ပို့နိုင်ရေး ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးနှင့်အတူ စဉ့်ကိုင်မြို့နယ်ရှိ ဆန်းရှင်းနှင့်ညီအစ်ကိုများ ကုမ္ပဏီလီမိတက်၏ ဖိုင်ဘာဘိလပ်မြေပြားစက်ရုံသို့ရောက်ရှိပြီး မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ပြည်သူများ၏ နေအိမ်အဆောက်အအုံများ၊ သာသနိကအဆောက်အအုံများ များစွာပျက်စီးခဲ့သဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ အရေးတကြီးလိုအပ်လျက်ရှိသဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ရန်နှင့် လုပ်ငန်းများတိုးချဲ့ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားပြီး ဖိုင်ဘာဘိလပ်မြေများထုတ်လုပ်သည့် လုပ်ငန်းစဉ် အဆင့်ဆင့်တို့ကို လှည့်လည်အားပေးကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် M Steel စက်ရုံနှင့် Han Steel Power စက်ရုံတို့သို့ရောက်ရှိပြီး ဆောက်လုပ်ရေးလုပ်ငန်းသုံး သံချောင်းလုံးများထုတ်လုပ်နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ လည်ပတ်အကောင်အထည်ဖော်ဆောင်ရွက်နေစဉ်အတွင်း အခက်အခဲများရှိပါက ပွင့်ပွင့်လင်းလင်းတင်ပြပေးရန်နှင့် လိုအပ်ချက်များကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မှာကြားပြီး လုပ်ငန်းရှင်များ၏ တင်ပြချက်များကို ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်