နေပြည်တော် မေ ၂၅
NUG ၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများသည် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုကို ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် ရုံးဌာနအဆောက်အဦများ၊ စာသင်ကျောင်းများ၊ အများပြည်သူ နေထိုင်လျက်ရှိသောနေအိမ်များ၊ လမ်း၊ တံတားများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းများ အလစ်အငိုက်လုပ်ဆောင် လျက်ရှိသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ ပဲခူး-မော်လမြိုင်လမ်းပိုင်း၌ သဲဖြူးကုန်း မှ ကလိခရီးစဉ်အဖြစ် ထွက်ခွာလာသည့် အမှတ် (၆၈၇) အဆန်ကျောက်ရထားသည် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သိမ်ဆိပ်ဘူတာမှ နံနက် ၅ နာရီ ၁၀ မိနစ်တွင် ထွက်ခွာပြီး သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာအကြား မိုင်တိုင်အမှတ်၊ ၁၂၃/၂၃-၂၄ အရောက် ရထားခုတ်မောင်းဖြတ်သန်းစဉ် နံနက် ၈ နာရီ ၄၅ မိနစ်အချိန်၌ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ထောင်ထားသည့်မိုင်းပေါက်ကွဲခဲ့သဖြင့် ရထားတွဲဆိုင်းတွင်ပါရှိသော စက်ခေါင်းနှင့်အတူ စက်ခေါင်းရှေ့မိုင်းကာတွဲ၊ စက်ခေါင်းနောက်ကပ်လျက် စက်ခေါင်းမောင်းနားနေတွဲနှင့် ကျောက်တွဲ(၅)တွဲတို့ လမ်းချော်ကျမှု ဖြစ်ပွားကြောင်းသိရှိရသည်။
မိုင်းပေါက်ကွဲမှုဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ နယ်မြေဒေသတာဝန်ရှိသူများ၊ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်တို့က အချိန်နှင့်တစ်ပြေးညီ နယ်မြေရှင်းလင်းစစ်ဆေးခြင်း၊ မြန်မာ့မီးရထားဝန်ထမ်းများကလည်း လမ်းချော်ကျသော စက်ခေါင်းနှင့် တွဲများအားမတင်၍ လမ်းပိုင်းအား အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး ရထားလမ်းပြန်လည်ပြုပြင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။
အဆိုပါ မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် သိမ်ဆိပ်နှင့် ဒုံဝန်းရထားလမ်းပိုင်းအား နံနက် ၈ နာရီ ၅၁ မိနစ်အချိန်တွင် လမ်းပိုင်းအား ခေတ္တပိတ်သိမ်း၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မှ ပုံမှန်ထွက်ခွာလာသော အမှတ် (၈၁) အဆန် လူစီးရထားသည် နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန်တွင် သိမ်ဇရပ်ဘူတာသို့ ရောက်ရှိရပ်နားထားသည်။ ထို့အတူ မော်လမြိုင်မှ ထွက်ခွာလာသည့် အမှတ်(၈၂) အစုန်ရထားသည် ယနေ့နံနက် ၉ နာရီ ၇ မိနစ်အချိန်တွင် သဲဖြူကုန်းဘူတာသို့ ရောက်ရှိရပ်နားထားသည်။ မြန်မာ့မီးရထားက အဆိုပါရထားများအား ခရီးအစဘူတာများဖြစ်သည့် ရန်ကုန်နှင့် မော်လမြိုင်ဘူတာသို့ ပြန်လည်ထွက်ခွာပြီး ခရီးသည်များအား လက်မှတ်ခများ ပြန်လည်ပေးအပ်ကြောင်းသိရှိရသည်။
အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း(၈၂)ကြိမ်၊ ရထားတံတား/သံလမ်းများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း (၁၇၆) ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း(၁၆)ကြိမ် ကျူးလွန်ခဲ့ကြပြီး နိုင်ငံတော်ပိုင်ရထားစက်ခေါင်းနှင့် တွဲများ၊ ရထားလမ်းနှင့် တံတားများ၊ ခရီးသည်များနှင့် ကုန်စည်များ ထိခိုက်ပျက်စီးဆုံးရှုံးစေရေး၊ ရထားစီး ခရီးသွားပြည်သူများအနေဖြင့် ရထားဖြင့်ခရီးသွားလာရာတွင် ကိုယ်စိတ်နှလုံးချမ်းမြေ့ပြီး အသက်အန္တရာယ်ကင်းရှင်းစွာဖြင့် လုံခြုံစိတ်ချစွာ သွားလာနိုင်မှုမရှိစေရေးအတွက် ရည်ရွယ်ပြီး ယခုကဲ့သို့ အကြိမ်ကြိမ်ကျူးလွန်ဖျက်ဆီးနေကြခြင်းဖြစ်သော်လည်း နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှု အဆင်ပြေချောမွေ့မြန်ဆန်စေရေးအတွက် ရထားလမ်းနှင့်အခြေခံအဆောက်အဦများ ပိုမိုတိုးတက်ကောင်းမွန်လာစေရေးနှင့် ရထားပို့ဆောင်ရေးစနစ်အဆင့်မြှင့်တင်ရေးစီမံကိန်းလုပ်ငန်းများကို ရည်မှန်းချက်ထားရှိ၍ အစဉ်တစိုက် အလေးထားစီမံဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။