Skip to main content

ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ

နေပြည်တော် မေ ၂၃

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ အေးမြဝတီရပ်ကွက်ရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော ခုတင်(၂၀၀)ဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံအဆောက်အအုံများ ပြန်လည်တည်ဆောက်ပြီးစီးမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ဆေးရုံအတွင်း တက်ရောက်ကုသမှုခံယူနေသော ဒေသခံပြည်သူများအား ကြည့်ရှုအားပေးစကားပြောကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် စစ်ကိုင်းမြို့ ရန်နိုင်ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ တာဝန်ထမ်းဆောင်နေကြသော ဆရာ ဆရာမများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ စားသောက်ကုန်ပစ္စည်းလေးမျိုးနှင့် လူသုံးကုန်ပစ္စည်းရှစ်မျိုး ထောက်ပံ့ပေးမှုများနှင့် ယာယီကျောင်းဆောင် ဆောက်လုပ်ပြီးစီးမှုအခြေအနေများ၊ စစ်ကိုင်းမြို့ရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော သာသနိကအဆောက်အအုံများ၊ ဘုရားစေတီများနှင့် လူနေအဆောက်အအုံများကို စက်ယန္တရားအင်အားများ တိုးချဲ့၍ အရှိန်အဟုန်မြှင့် ဖယ်ရှားရှင်းလင်းနေမှုများ၊ လုပ်အားပေးရှင်းလင်း ဖယ်ရှားနေမှုအခြေအနေများ၊ ယာယီကျောင်းဆောင် ဆောက်လုပ်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့ပြင် စစ်ကိုင်းမြို့ သောတပန်ရပ်ကွက်ရှိ သံပုဏ္ဏာရာမကျောင်းတိုက် ကျောင်းပရိဝုဏ်အတွင်း ငလျင်ဘေးသင့်သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များနှင့် ပြည်သူများအား တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့၏ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်သည် မန္တလေးမြို့အတွင်း ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် ပြည်သူများအတွက် Modular House များ ဆောက်လုပ်ထားရှိပြီး ငလျင်ဘေးသင့်မိသားစုများအား အခန်းအလိုက်နေရာချထားပေးမှုများ၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော အန္တရာယ်ရှိလူနေအဆောက်အအုံများနှင့် ဝန်ထမ်းအိမ်ရာများရှိ အပျက်အစီးများအား စက်ယန္တရားကြီးများဖြင့် ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုများ သွားရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် မန္တလေးဘူတာကြီးသို့သွားရောက်၍ ငလျင်ဒဏ်သင့်ပြည်သူများအတွက် Modular House များ ရထားဖြင့် သယ်ယူရောက်ရှိမှုအခြေအနေများနှင့် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘူတာကြီးရှိ Control Tower အဆောက်အအုံအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ဘုရားစေတီပုထိုးများ၌ အပျက်အစီးများအား အဖွဲ့အစည်းအသီးသီးက ဖယ်ရှားရှင်းလင်းဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ရှေးမူမပျက် ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး အလှူငွေနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်သည် ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် အင်းကုန်းကျေးရွာ စွန်ရဲအင်းအတွင်း၌ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များကို ရေပြင်အသက်ကယ်ရှာဖွေကယ်ဆယ်ရေးသင်တန်း သင်တန်းပို့ချဆောင်ရွက်နေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့ပြီး ယခုအခါပြန်လည် လည်ပတ်နေသော Noble Science Bagan ကုမ္ပဏီမှ ဆေးရုံသုံးပစ္စည်း (Mask ၊ ပတ်တီး၊ Hand Gel)နှင့် ဓာတ်ဆားထုတ်လုပ်မှုလုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် ကျောက်ဆည်မြို့ ဆူးကုန်းရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအပ်လက်ခံနေမှု၊ စုကြီးရပ်ကွက်ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် သာသနိကအဆောက်အအုံများ၊ ဘုရားစေတီပုထိုးများ၌ အပျက်အစီးများ ဖယ်ရှားရှင်းလင်းပြီးစီးမှု၊ ဘုရားပရိဝုဏ် အတွင်း/အပြင် ကြမ်းခင်းများ ပျက်စီးနေမှုများအား စတင်ပြုပြင်ဆောင်ရွက်နေမှုနှင့် ဖောင်းရွာရပ်ကွက် ဖောင်းရွာကွင်း၌ ယာယီဈေးတည်ဆောက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်