နေပြည်တော် မေ ၂၂
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်းနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ လေးထောင့်ကန် တိုက်နယ်ဆေးရုံနှင့် လေးထောင့်ကန် ကျေးလက်ကျန်းမာရေးဌာနတို့သို့ သွားရောက်၍ ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် လေးထောင့်ကန် ကျေးလက်ကျန်းမာရေးဌာနသို့ သွားရောက်ကြည့်ရှုပြီး ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံအားပေးစကားပြောကြားကာ ပြည်သူ့ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများအတွက် နိုင်ငံတော်မှ ထောက်ပံ့ပေးထားသည့် ဆေးဝါးများအသုံးပြုမှုအခြေအနေ၊ ကိုယ်ဝန်ဆောင်ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေ၊ ကာကွယ်ဆေးထိုးနှံနေမှုအခြေအနေနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် အခြေအနေများကိုစစ်ဆေး၍ ဒေသန္တရကျန်းမာရေးဌာန(Urban Health Center-UHC)များကို မြို့ပေါ်၌ ဖွင့်လှစ် ထားရှိရာ ပြည်သူအားလုံးအကျုံးဝင်သည့် ကျန်းမာရေးစောင့်ရှောက်မှုကို အားဖြည့်နိုင်ရန်အတွက် ယခု အခါ အဆိုပါ UHC များ၏လုပ်ငန်းများ ယခုထက်ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို စေတနာထား ဆောင်ရွက်ရေးမှာကြားပြီးလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ လေးထောင့်ကန်တိုက်နယ်ဆေးရုံသို့ သွားရောက်၍ အရေးပေါ်လူနာကုသဆောင်၊ ပြင်ပလူနာဌာန၊ ခွဲစိတ်ခန်းနှင့် ဆေးရုံဝင်းအတွင်း ဆေးကုသရေးလုပ်ငန်းများ ဆောင်ရွက်မှုနှင့်ပတ်သက်၍ ကြည့်ရှုစစ်ဆေးပြီး ဆေးရုံလုပ်ငန်းများ တိုးတက်စေရေးမှာကြားကာ လူနာများအား အားပေးစကားပြောကြား၍ ထောက်ပံ့ငွေများပေးအပ်ပြီး တိုက်နယ်ဆေးရုံ တာဝန်ခံ ဆရာဝန်၊ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက လူနာများ အရေးပေါ်လူနာဌာနသို့ ရောက်ရှိချိန်မှ စတင်ကာပြည်သူများ စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့် ဆေးကုသမှုရရှိနိုင်ရေးတို့ကို မှာကြားကာ လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်