နေပြည်တော် မေ ၂၂
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုး၊ ဒေါက်တာသန်းမြင့်နှင့် ဒေါက်တာမြင့်သူမြိုင်တို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင်ဥပဒေပုဒ်မ ၂၂ (င)၊ ၄၃ ပြဋ္ဌာန်းချက်များနှင့်အညီ ယနေ့တွင် လူမှုဝန်ထမ်းဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ ရွှေသံလွင်ဘိုးဘွား ရိပ်သာသို့သွားရောက်၍ ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ရွှေသံလွင် ဘိုးဘွားရိပ်သာ၌ လက်ခံစောင့်ရှောက်ပေးလျက်ရှိ သော ဘိုးဘွားများကို အိပ်ဆောင်များ၌ သွားရောက် တွေ့ဆုံပြီး ကျန်းမာရေးစောင့်ရှောက်ပေးနေမှု၊ အစား အစာနှင့် အာဟာရဖြည့်ဆည်းကျွေးမွေးမှု၊ သန့်ရှင်းသောသောက်ရေနှင့် သုံးရေရရှိစေရန်ဆောင်ရွက်ပေးနေမှု၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်နိုင်မှု၊ ဘိုးဘွား အိပ်ဆောင်များ၊ ရေချိုးခန်း၊ သန့်စင်ခန်းနှင့်စားဖို ဆောင်များတွင် ကျန်းမာရေးနှင့် ညီညွတ်အောင် ဆောင်ရွက်ထားရှိမှု၊ ဘိုးဘွားများ အနားယူအပန်း ဖြေရန် စီစဉ်ဆောင်ရွက်ပေးထားမှု၊ ပင်စင်ရအဘိုး၊ အဘွားများအနေဖြင့် ပင်စင်လစာထုတ်ယူမှု အဆင်ပြေခြင်း ရှိ၊ မရှိနှင့် အသက်(၈၅) နှစ်ပြည့်ပြီးသော သက်ကြီးအဘိုး၊ အဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ကြေးရရှိရေးဆောင်ရွက်ပေးမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီးရိပ်သာ၌ လက်ခံစောင့်ရှောက်ထားသော အဘိုးအဘွား စုစုပေါင်း ၈၀ အား နွေးထွေးပျူငှာစွာ အားပေးစကား ပြောကြားသည်။
ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနသို့ ကော်မရှင်ဥပဒေနှင့်အညီ အကြံပြုပေးပို့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံမှ သိရသည်။
သတင်းစဉ်