Skip to main content

ကျန်းမာရေးကဏ္ဍမြှင့်တင်ဖြည့်ဆည်း ကဏ္ဍအလိုက် ဝိုင်းဝန်းကြိုးပမ်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် “ကျန်းမာရေးကဏ္ဍနှင့်ပတ်သက်၍လည်း မိမိတို့အနေဖြင့် အားနည်းချက်များ ရှိနေဆဲဖြစ်ကြောင်း၊ နေ့စဉ်လူမှုဘဝလှုပ်ရှားမှုများ၌ ကျန်းမာရေးနှင့်ညီညွတ်မျှတသည့် နေထိုင်သွားလာလှုပ်ရှားမှုများမရှိသည်ကိုတွေ့မြင်ရပြီး ကျန်းမာရေးအသိအမြင်များ အားနည်းမှုများရှိနေဆဲဖြစ်ကြောင်း၊ အချို့သောဒေသများ၌ အကြမ်းဖက်မှုများနှင့် ပဋိပက္ခများကြောင့် ကျန်းမာရေးအားနည်းချက်များ ရှိနေဆဲဖြစ်ကြောင်း”ပြောကြားခဲ့သည်။

ကျန်းမာရေးနှင့်ပတ်သက်၍ အားနည်းချက်များရှိနေသောကြောင့် ကျန်းမာရေးဝန်ထမ်းများသာမက ကျန်းမာရေးနှင့်နှီးနွှယ်နေသည့် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ၊ ပြည်သူများအားလုံး အတူပူးပေါင်းလက်တွဲ ဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံတော်အကြီးအကဲက “ကျန်းမာမှ အလုပ်လုပ်နိုင်မည်၊ ကျန်းမာမှ ပညာသင်ကြားနိုင်မည်”၊ “လူ့အသက်ထက်အရေးကြီးသည်မှာ ဘာမျှမရှိ”၊ “ဆေးရုံတိုင်း ဆရာဝန်ရှိရမည်” စသည့် မူဝါဒလမ်းညွှန်ချက်များကို ချမှတ်ပေးထားသည်။ ထိုမူဝါဒလမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးဝန်ကြီးဌာနက လိုအပ်သည့် ကျန်းမာရေးဝန်ထမ်းများ ဖြည့်ဆည်းပေးခြင်း၊ အထောက်အကူပြုပစ္စည်းများ ဖြည့်ဆည်းပေးခြင်းတို့ဖြင့် အားပေးမြှင့်တင်ပေးလျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ နိုင်ငံ့တာဝန်စတင်ယူစဉ်က နိုင်ငံ့ဝန်ထမ်းအချို့အနေဖြင့် လုပ်ငန်းခွင်များမှ စွန့်ခွာမှုများရှိခဲ့ပြီး ကျန်းမာရေး ဝန်ထမ်းအများစုလည်း ပါဝင်ခဲ့သည်။ ထိုအချိန်က ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလနှင့် နိုင်ငံရေးပဋိပက္ခများ ဖြစ်ပေါ်နေစဉ်ကာလဖြစ်သဖြင့် ကျန်းမာရေး ဆိုင်ရာအကျပ်အတည်းများကို နိုင်ငံတော်အစိုးရအနေဖြင့် ရှိသည့်ကျန်းမာရေး ဆိုင်ရာ အင်အားများကိုစုစည်း၍ ကြိုးပမ်းဆောင်ရွက်ကာ ကျော်ဖြတ်ခဲ့ရသည်။ တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့များမှ ဆေးဝန်ထမ်းတပ်မတော်သားများကို နိုင်ငံအနှံ့သို့စေလွှတ်၍ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဖြန့်ဝေပေးခဲ့ရသည်။ အရေးအကြီးဆုံးမှာ ပြည်သူများ၏ ကျန်းမာရေးလိုအပ်ချက်များ အဆင်ပြေစေရန်ဖြစ်သည်။

လက်ရှိကာလတွင် နယ်မြေဒေသများအလိုက် ဆေးရုံများတည်ဆောက်ရန် အတွက် မြေနေရာများနှင့် အဆောက်အအုံများ၊ ဆေးဘက်ဆိုင်ရာပစ္စည်းများ ဖြည့်ဆည်းပေးနိုင်ရန် နိုင်ငံတော်က ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရသည် ပညာရေး၊ ကျန်းမာရေးတို့နှင့်ပတ်သက်ပါက လိုအပ်သည်များကို မဖြစ်မနေ ဖြည့်ဆည်းပေးသွားရန် ဆုံးဖြတ်ထားပြီးဖြစ်၍ သက်ဆိုင်ရာကဏ္ဍအလိုက်တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် တာဝန်ရှိသူများအနေဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုအပ်မည်ဖြစ်သည်။

ယခုအခါ ကျောင်းဖွင့်ရာသီလည်းဖြစ်၊ မိုးရာသီကာလသို့လည်း ရောက်ရှိလာပြီဖြစ်၍ ပြည်သူများ၏ နေ့စဉ်လူမှုဘဝများ၌ ကျန်းမာရေးနှင့် ညီညွတ်မျှတသည့် အလေ့အကျင့်ကောင်းများ ဖြစ်ထွန်းလာအောင် ကျန်းမာရေးကဏ္ဍနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများကလည်း ပူးပေါင်းဆောင်ရွက်ပေးကြရန်လိုမည်ဖြစ်သည်။ ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့်ညီညွတ်မျှတသည့် နေထိုင်စားသောက်လုပ်ကိုင် ဆောင်ရွက်မှုများ အားနည်းမှုများရှိနေသဖြင့် ကျန်းမာရေးအသိအမြင်ဗဟုသုတများ တိုးပွားလာအောင် သက်ဆိုင်ရာအဖွဲ့အစည်းများက ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်သည်။ မိုးရာသီကာလတွင် ဖြစ်ပွားတတ်သည့် ကူးစက်ရောဂါများမှ ကင်းဝေးရေးအတွက် သန့်ရှင်းသောရေနှင့် အစားအသောက်များ စားသောက်နေထိုင်နိုင်ရန် ကူညီဖြည့်ဆည်းဆောင်ရွက်ပေးကြရမည်ဖြစ်သည်။

မကြာသေးမီနှစ်များက မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးကဏ္ဍအသီးသီးတို့အပြင် ပြည်သူများအနေဖြင့် အတွေ့အကြုံများနှင့် သင်ခန်းစာများရရှိခဲ့ပြီးဖြစ်သကဲ့သို့ ကျန်းမာရေးအလေ့အကျင့်ကောင်းများလည်း ရရှိခဲ့ပြီးဖြစ်သည်။ ယခုအခါ အိမ်နီးချင်းထိုင်းနိုင်ငံတွင် ဗီဇမျိုးကွဲသစ် ကိုဗစ်-၁၉ ဗိုင်းရပ်စ်တစ်မျိုး ကူးစက်မှုများရှိနေရာ မြန်မာနိုင်ငံသို့ ကူးစက်ပြန့်ပွားမှုမရှိစေရေး၊ ကူးစက်မှုများရှိပါက ကြိုတင်ကာကွယ် ကုသထိန်းချုပ်နိုင်ရေးကို ကျန်းမာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများက စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှုကာကွယ်ပေးလျက်ရှိသည်။ ပြည်သူများက ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိ အမြဲမပြတ်ရှိပြီး တစ်ကိုယ်ရေကျန်းမာရေးကို အလေးထားဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါသည်။

သို့ဖြစ်ရာ နိုင်ငံတော်အကြီးအကဲက ကျန်းမာရေးဆိုင်ရာလိုအပ်ချက်များကို အသိပေးလမ်းညွှန်မှာကြားထားပြီးဖြစ်ရာ “လူ့အသက်ထက်အရေးကြီးသည်မှာ ဘာမျှမရှိ”၊ “ဆေးရုံတိုင်းတွင် ဆရာဝန်ရှိရမည်” ဟူသော လမ်းညွှန်ချက်ကို အလေးထားအကောင်အထည်ဖော်ဆောင်ရွက်ပြီး ပြည်သူများအနေဖြင့် ကျန်းမာမှ အလုပ်လုပ်နိုင်ရန်၊ ကျန်းမာမှပညာသင်ကြားနိုင်ရန် ကျန်းမာရေးနှင့်ညီညွတ်မျှတသည့် နေထိုင်စားသောက် သွားလာလုပ်ကိုင်မှုများပြုလုပ်ကြရန် အသိပေးနှိုးဆော်အပ်ပါကြောင်း။ ။