Skip to main content

အခြေခံလေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁/၂ဝ၂၅)နှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁/၂ဝ၂၅)မှ သင်တန်းသားများ၊ နည်းပြအုပ်ချုပ်သူများ ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး လေ့လာရေးခရီးစဉ်များ ဆက်လက်ဆောင်ရွက်

နေပြည်တော် မေ ၂၂

အခြေခံလေကြောင်းလူငယ်သင်တန်းအမှတ်စဉ် (၁/၂၀၂၅)နှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁/၂၀၂၅)မှ သင်တန်းသား၊ နည်းပြအုပ်ချုပ်သူများသည် လေ့လာရေးခရီးစဉ်များ ဆက်လက်ဆောင်ရွက်ရန် ရန်ကုန်မြို့သို့ တပ်မတော်လေယာဉ်များ၊ မော်တော်ယာဉ်များဖြင့် ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

အဆိုပါ သင်တန်းသား၊ နည်းပြအုပ်ချုပ်သူများသည် ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာသို့ သွားရောက်လေ့လာကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။ ထို့နောက် လေကြောင်းလူငယ်သင်တန်းသားများအား ပြခန်းခန်းမဆောင်တွင် ပြသထားသော နျူကလီးယားနည်းပညာအသုံးပြု၍ ရောဂါရှာဖွေမှု(ကိုမိုဂရမ်)နမူနာပုံစံ၊ အသေးစားလျှပ်စစ်ဓာတ်အားထုတ် ဓာတ်ပေါင်းဖိုအမျိုးအစားတစ်ခုဖြစ်သော RITM-200 ၏ အတွင်းပိုင်းပါဝင်ပစ္စည်းများနှင့် အလုပ်လုပ်ပုံပြနမူနာပုံစံ၊ ခန္ဓာကိုယ်၏ ဓာတ်ရောင်ခြည်ပမာဏကိုတိုင်းတာပြီး သဘာဝပတ်ဝန်းကျင်ရှိ အရာဝတ္ထုပစ္စည်းများတွင် ပါရှိသည့် ဓာတ်ရောင်ခြည်ပမာဏနှင့် နှိုင်းယှဉ်ဖော်ပြပေးသည့် Radiometer စက်၊ နျူကလီးယားနည်းပညာဆိုင်ရာ အခြေခံအကြောင်းအရာများကို မေးခွန်းများမေး၍ ဖြေကြားနိုင်သည့် ပဟေဠိဂိမ်းစနစ်၊ သဲ၊ ကျောက်၊ ဘိလပ်မြေ စသည့် သဘာဝပတ်ဝန်းကျင်ရှိ အရာဝတ္ထုများတွင် ထွက်ရှိလျက်ရှိသော ရေဒီယိုသတ္တိကြွမှုကို တိုင်းတာဖော်ပြပေးသည့် စက်၊ နျူကလီးယားဓာတ်ပေါင်းဖိုတစ်ခု၏ အတွင်းပိုင်းတွင် ပါဝင်သည့်ပစ္စည်းများနှင့် အဆင့်ဆင့်တည်ဆောက်ပုံကို 3D Virtual နည်းပညာဖြင့် ပုံဖော်ပြသသည့်ပုံစံငယ်နှင့် လေအားအသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် Wind Turbine နမူနာပုံစံငယ်တို့ကို တာဝန်ရှိသူများက အသေးစိတ်ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ဗီဒီယိုပြခန်းမဆောင်တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို ဂုဏ်ပြုသရုပ်ဖော်ပြသသည့်သီချင်း MTV ၊ အသေးစားလျှပ်စစ်ဓာတ်အားထုတ် ဓာတ်ပေါင်းဖိုများ၏ အရေးပါမှုနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ROSATOM ၏ အသေးစားလျှပ်စစ်ဓာတ်အားထုတ် ဓာတ်ပေါင်းဖိုတည်ဆောက်မှုအတွေ့အကြုံများကို ရှင်းလင်းတင်ပြမှုဗီဒီယိုပြကွက်၊ နျူကလီးယားနှင့် ဓာတ်ရောင်ခြည်ဆိုင်ရာ အခြေခံအကြောင်းအရာများကို မြန်မာဘာသာဖြင့် ရှင်းလင်းပြောကြားထားသည့် ပြကွက်များ၊ ပိုစတာပြခန်းတွင် နျူကလီးယားနည်းပညာဖြင့် ကျန်းမာရေး၊ စွမ်းအင်ထုတ်လုပ်ရေး၊ ပညာရေး၊ စက်မှုလုပ်ငန်းနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး ကဏ္ဍအသီးသီးတွင် လက်တွေ့ကျကျ အသုံးပြုနေခြင်းဆိုင်ရာ ပိုစတာများကို လေ့လာကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သတင်းရရှိသည်။